၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်ဆန်ကျင်ကြ.... ဒီမိုကရေစီအရေးတိုက်ပွဲဝင်ကြ... ဒီမိုကရေစီ အာဏာရှင်ကို တိုက်ဖျက်ကြ...

Friday, October 7, 2011

ငြိမ်းချမ်းရေးအတွက် တရုတ်ကြားဝင်ရန် UNFC လိုလား



  ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စနှင့် ပတ်သက်၍ ဗဟိုအစိုးရနှင့် တိုင်းရင်းသားလူမျိုး ဖက်ဒရယ်ကောင်စီ UNFC အကြား တရုတ်အနေဖြင့် ကြားဝင်စေ့စပ်ပေးပါက ပိုမိုအောင်မြင်နိုင်ဖွယ် ရှိကြောင်း
UNFC က သောကြာနေ့က ပြောသည်။

“လက်နက်ကိုင်ပဋိပက္ခတွေက တော်တော်လေး ပြင်းထန်နေတယ်။ အဲဒီပြင်းထန်နေတဲ့ကိစ္စကလည်း တဖက်က ကြည့်မယ်ဆိုရင်တော့ တရုတ်ရဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေနဲ့ အထိုက်အလျောက် ဆက်စပ်နေ တယ်လို့ ကျနော်တို့ မြင်တယ်။ အဲဒီအပေါ်မှာ တရုတ်အနေနဲ့ ကြားဝင်ပြီးတော့မှ ဒါဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပေါ့ဗျာ။ လမ်းကြောင်းပေးလိုက်ရင် ပိုပြီးတော့တောင် လွယ်ကူသွားမယ်လို့ ကျနော် မြင်တယ်” ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် UNFC တွင်ပါဝင်သည့် လက်နက်ကိုင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ရှမ်းပြည်တိုးတက်ရေး
ပါတီ SSPP ထိန်းချုပ်ရာဒေသများဖြစ်သည့် ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် တရုတ်နိုင်ငံမှ ဆည်စီမံကိန်းများ၊
ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုများ ရှိနေသည်။

“တရုတ်ရဲ့ စီးပွားရေးအရင်းအနှီးကြောင့်ပေါ့ဗျာ။ ရင်းနှီးမြှုပ်နှံမှုတွေ၊ လုပ်ငန်းတွေကို အကာအကွယ်ပေးဖို့၊ မြန်မြန်
ဖြစ်စေနိုင်ဖို့ အဲဒါကို အထောက်အကူ ပြုဖို့ကို ရည်ရွယ်တဲ့ ထိုးစစ်တွေဖြစ်တယ်။ အဲဒီလိုပဲ ကျနော်တို့ အချင်းချင်း
ပြဿနာဖြစ်နေရင် ကျနော်တို့နိုင်ငံအတွက် ထိခိုက်မယ်၊ ဖြေရှင်းဖို့လည်း လွယ်မှာ မဟုတ်ဘူး”  ဟု နိုင်ဟံသာက ဆိုသည်။

UNFC ကို ဗဟိုအစိုးရကို လက်နက်ကိုင်တိုက်နေသော  တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ဖြင့်  ၂ဝ၁၁ ခု ဖေဖော်ဝါရီလ၌ ဖွဲ့စည်းဆက်စပ်ထားသည်။ 

အခြေခံခြောက်ဖွဲ့တွင် ကရင်အမျိုးသား အစည်းအရုံး KNU၊ မွန်ပြည်သစ် ပါတီ NMSP၊ ချင်းအမျိုးသား တပ်ဦး CNF၊ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ
SSPP တို့ ဖြစ်ကာ ကျန်အဖွဲ့များက ဆက်စပ်အဖွဲ့များဖြစ်သည်။ 

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က  ဇူလိုင်လ ၂၈ ရက်နေ့က လတ်တလော ဖြစ်ပွားနေသည့် စစ်ပွဲများ အမြန်ဆုံး အပစ်ရပ်ကြရန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီရန် အသင့်ရှိကြောင်း ထုတ်ပြန် ခဲ့သေးသည်။

UNFC အနေဖြင့် တရုတ်က ကြားဝင်စေ့စပ်ပေးရန် လိုလားမှုရှိနေသော်လည်း တရုတ်အာဏာပိုင်များ ဘက်ကမူ
UNFC အနေဖြင့် အနောက်နိုင်ငံများနှင့် နီးစပ်မှာကို  စိုးရိမ်မှုများလည်း ရှိသည်။ 

အောက်တိုဘာလ ၁ ရက်နေ့က တရုတ်အာဏာပိုင်တချို့နှင့် UNFC တာဝန်ရှိသူများ အလွတ်သဘော တွေ့ဆုံရာ
တွင် မေးမြန်းခံရကြောင်း အစည်းအဝေးတွင် ပါဝင်တက်ရောက်ခဲ့သူတဦးက မဇ္ဈိမသို့ ပြန်ပြောပြသည်။

“UNFC စုဖွဲ့မှုအပေါ်မှာ သူတို့အနေနဲ့ ပွင့်ပွင့်လင်းလင်း သဘောထားပေးတာတော့ သိပ်မရှိဘူး။ သို့သော်လည်းပဲ UNFC ဟာ အမေရိကန်လို အနောက်ဘက်အင်အားစုတွေနဲ့ နီးစပ်ပါသလားဆိုတဲ့ မေးခွန်းမျိုးလေးတော့ ရှိတာပေါ့”
ဟု အဆိုပါသတင်းရပ်ကွက်က ပြောသည်။

“အိမ်နီးနားချင်း နိုင်ငံအနေနဲ့၊ နောက်ပြီးတော့ မြန်မာပြည် အရေးကို အဓိက ကြည့်ရှု စောင့်ရှောက်ပေးနေတဲ့ တိုင်းပြည်တခုအနေနဲ့ အခက်အခဲရှိရင် သူတို့ကို ပြောလို့ရှိရင် ပိုပြီးတော့ အလုပ်မဖြစ်ဘူးလားဆိုတဲ့သဘော အရိပ်အယောင်တော့ ပြတာပေါ့ဗျာ။ ဒါပေမဲ့ ထုတ်တော့ မပြောပါဘူး”  ဟု ဆက်ပြောသည်။

UNFC အနေဖြင့်  ဖက်ဒရယ်စနစ် ထူထောင်ရန်နှင့် ခွဲမထွက်ရေး မူဝါဒကို ကိုင်စွဲထားကာ မည်သည့်နိုင်ငံ၊ အဖွဲ့အစည်းများ၏ သြဇာကို ခံယူမည် မဟုတ်ဟု အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက မဇ္ဈိမသို့ ပြောသည်။

“ကျနော်တို့က ဘယ်သြဇာအောက်မှာမှ ရှိတာမဟုတ်ဘူး။ ဘယ်အဖွဲ့ကမှလည်း ကျနော်တို့ကို တိတိပပပေါ့ဗျာ။ အကူအညီပေးနေတာလည်း မရှိသေးဘူး။ အဲဒီအတွက် ကျနော်တို့ကတော့ ဘယ်သူ့သြဇာအောက်မှာမှ မရှိဘူးလို့
ပြောလို့ရတာပေါ့။ ကျနော်တို့အပေါ်မှာလည်း ဘယ်အဖွဲ့ကမှလည်း မလွှမ်းမိုးပါဘူး။ လွတ်လပ်ခွင့် လိုချင်လို့ပဲ အလုပ်လုပ်နေတာ၊ တော်လှန်ရေးလုပ်နေတာ။  ” ဟု   နိုင်ဟံသာက ဆိုသည်။
 
 
                                                                                            ပန်းတိုင်



 

No comments:

Post a Comment