၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်ဆန်ကျင်ကြ.... ဒီမိုကရေစီအရေးတိုက်ပွဲဝင်ကြ... ဒီမိုကရေစီ အာဏာရှင်ကို တိုက်ဖျက်ကြ...

Friday, September 30, 2011

KIA နှင့် အစိုးရတိုက်ပွဲ ပိုမိုတိုးပွားလာ

အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အကြား တိုက်ခိုက်မှုများ ရှမ်း နှင့် ကချင်ဒေသတွင် ပိုမို တိုးပွားလာကြောင်း KIAက ပြောသည်။

တိုက်ပွဲများက ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ ငှက်ပျောတောကျေးရွာ၊  မံစီမြို့အနီးအနားအထိ ဖြစ်ပွားလာနေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီကို ပြောသည်။

kachin refugee war
ဇွန်လ ၃၀ ရက်နေ့တွင် သေဆုံးသွားသော စစ်ပြေးဒုက္ခသည် ကလေးတဦးကို သဂြိုင်္လ်ရန် ဇူလိုင် ၁ ရက်နေ့က လိုင်ဇာဒေသတွင် ပြင်ဆင်နေသော မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)
KIA၏ အမှတ် ၄ တပ်မဟာ လှုပ်ရှားခွင်ဖြစ်သည့် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း၊ တာမိုးညဲ စသည့် ဒေသများတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဦးလနန်က ပြောသည်။

“တပ်မဟာ ၄ ဘက်မှာတော့ တိုက်ပွဲဟာ လုံးဝ ကျယ်ပြန့်သွားပြီး အစိုးရတပ်ဖွဲ့တွေရှိတဲ့ နေရာတွေကို ကျနော်တို့ ပြောက်ကျား တပ်ဖွဲ့ဝင်တွေက ပြန်တိုက်နေကြတယ်” ဟု ဦးလနန်က ဧရာဝတီကို ပြောသည်။

တပ်မဟာ ၄ ဒေသသည် စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်၍ အပြင်းအထန် ထိုးစစ်ဆင်ခံရခြင်း ဖြစ်သည်။

ယမန်နေ့က ကချင်ပြည်နယ် လိုင်ဇာဒေသသို့ ဦးတည်လာသော အစိုးရတပ်တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ KIA ဒေသသီးသီးကို စစ်ရေးပြင်ဆင်မှု တိုးလာသည်ဟု ဆိုသည်။

“မြစ်ကြီးနားကနေပြီတော့ ရွှေညောင်ပင် ဘက်ကို သူတို့ တပ်အင်အား ဖြည့်တာရှိတယ်၊ နောက်ပြီးတော့ မြစ်ကြီးနားကနေ ဧရာဝတီမြစ်လမ်းကြောင်း ဆင်းပြီး တာလောကြီးဘက်က ၀င်လာဖို့ ရှိတယ်၊ ဗန်းမော်မြို့ အနောက်ဘက်ခြမ် အဲဒီကနေလည်း တက်လာဖို့ အစီအစဉ်ရှိတယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့တပ် ဦးတည်လာတာကို စုလိုက်ရင် ကျနော်တို့ဘက်ကို ဖြစ်နေတယ်” ဟု ဦးလနန်က ရှင်းပြသည်။

KIA ဘက်ကလည်း ကြိုတင် ပြင်ဆင်ထားကြောင်း သူက ပြောသည်။

“လိုင်ဇာဒေသကို ၀င်လာမယ်ဆိုရင် ဒီဒေသတော့ သူတို့အတွက် သတ်ကွင်း ဖြစ်သွားပါလိမ့်မယ်၊ သူတို့ သိမှာပါ။ ဒါကြောင့်မို့ သူတို့က အဝေးကနေ လက်နက်ကြီးတွေကို အားကိုးပြီးတော့ ပစ်ကြမယ်လို့ ထင်တယ်” ဟု ဦးလနန်က ဆိုသည်။

 KIA က တိုက်ပွဲအခြေအနေများ၊ ၎င်းတို့၏ သဘောထားများကို သတင်းဌာနများသို့ ပြောဆိုနေချိန်တွင် အစိုးရက စစ်သတင်းကို အမှောင်ချထားသည်။

နှစ်ဖက် အကျအဆုံး စာရင်း၊ ထွက်ပြေးနေရသည့် ဒေသခံ အရေအတွက်တို့ကို မသိရှိရသေးပေ။


                                                                                           ပန်းတိုင်

ှုဦးဇာဂနာ ထောင်မှာတင်ရှိသေး

နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နယူးယောက်မြို့တွင် ကျင်းပနေသည့် ၆၆ ကြိမ်
မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မကြာခင် အကျဉ်းသားများ လွတ်ပေးရန် ရှိသည်ဟု ပြောကြားခဲ့
နောက် နိုင်ငံရေး အကျဉ်းသားများလည်း လွတ်လာဖွယ်ရှိသည်ဟု နိုင်ငံရေး ပါတီများကလည်း မျှော်လင့်နေကြသည်။

လူပြောများနေသော ကောလဟတခုကတော့ ကိုသူရ ခေါ် ဇာဂနာ သည်လည်း လွတ်လာပြီဆိုခြင်း ဖြစ်သည်။

နာဂစ်မုန်တိုင်း တိုက်ပြီးနောက် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရင်း ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသူ
မြစ်ကြီးနားထောင် ကြိုးတိုက်တွင် ရှိနေသော ဇာဂနာ၏ ခယ်မ မငြိမ်း ခေါ် မစန္ဒာနှင့် မဇ္ဈိမ သတင်းထောက်က
မေးမြန်း ခဲ့သည်ကို တင်ပြလိုက်ပါသည်။
--------------------------------------------------------------------------------------------------------------------------------------

ကိုဇာဂနာသာလွတ်မယ် ဆိုရင် မိသားစု အနေနဲ့ ဘယ်လို ဝမ်းသာခံစားမှုမျိုး ရမလဲ အမ။

“အမတို့ အနေနဲ့ မိသားစု အနေနဲ့တော့ လွတ်တယ်ဆိုရင် ပျော်ရမှာပါ ဒါပေမယ့် အခုသတင်းက ပျံ့နေတာ နေ့တိုင်း လည်း ဖုန်းတွေ ဖြေနေရတာပေါ့နော်။ မြစ်ကြီးထောင်ကို မေးပြီးပြီ ကိုသူရက ထောင်မှာပဲ ရှိနေပါတယ်တဲ့။ အမ ကတော့ ကိုသူရကို ၂၀၀၈ က ဖမ်းကတည်းကပဲ ၂၀၀၉ ကစပြီးတော့ စက်တင်ဘာကို ရောက်တိုင်း လွတ်လာပြီ
ဆိုတဲ့ သတင်းထွက်နေတာ အခုဆိုရင် ၃ နှစ် ရှိနေပြီဆိုတော့ ဒီစက်တင်ဘာမှ ထွက်တဲ့ သတင်းအပေါ်တော့ ဘာမှ မဖြစ်တော့ဘူး။ ဒါပေမယ့် ကိုသူရကို လွတ်စေချင်တယ်။ မျှော်လည်း မျှော်လင့်ပါတယ်”

မိသားစုဝင် တယောက်အနေနဲ့ ကိုဇာဂနာ လွတ်လာပြီးနောက် ပိုင်းမှာ  နိုင်ငံရေး ဆက်လုပ်စေချင်လား။ ဒါမှမဟုတ် အမတ် အရွေးခံစေချင်လား။

“ကိုသူရက နိုင်ငံရေးကို ဆက်လုပ်မယ်လို့ အမတို့ကို ပြောဖူးတယ်။ အဲဒီတော့သူက နိုင်ငံရေးကို ဆက်လုပ်မယ်လို့ပဲ ယူဆရတာပေါ့။”

ပါတီတခုခုကိုကော ဝင်စေချင်တာမျိုး ရှိလား။

“ကိုသူရက အရင်ကပဲ ပါတီ နိုင်ငံရေးကို မကြိုက်ဘူး။ အဲဒီအတွက် ပါတီတခုခုမှာ သူဝင်မှာ မဟုတ်ဘူး။ အခု အဖမ်းခံရတာကိုကလည်း လူမှုရေး လုပ်ရင်း အဖမ်းခံရတာလေ သူက လူမှုရေးကို တောက်လျှောက် လုပ်မယ့် သဘောရှိပါတယ်။”

တကယ်လို့ နောက်ထပ် ထောင်ကျတဲ့အဖြစ်မျိုးရှိခဲ့မယ် ဆိုရင် မိသားစုအနေနဲ့ ရင်ဆိုင်နိုင်ပါ့မလား။

“နောက်ထပ် ထောင်ကျတာမျိုး ကိုတော့ မလိုချင်တော့ဘူးပေါ့။ ဒါပေမယ့် တကယ်တမ်း ရင်ဆိုင်ရပြီ ဆိုရင်လည်း အမတို့ မိသားစုအနေနဲ့ ကြံ့ကြံ့ခံနိုင်စွမ်း ရှိပါတယ်။ မဖြစ်တော့ မဖြစ်စေချင်တော့ဘူးပေါ့။”

အခုထောင်ကျနေလို့ ဘာတွေထိခိုက်နစ်နာမှုတွေ ဘာတွေဖြစ်ခဲ့လဲ။

“ထိခိုက်နစ်နာမှု ဆိုတော့ ဒါက ကိုယ်တယောက်တည်း မဟုတ်ဘူး။ အကျဉ်းကျခံရတဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုတိုင်း သောကတွေ ဒုက္ခတွေရှိမှာပဲ ဒါကို နစ်နာတယ်လို့လည်း ပြောလို့မရဘူးပေါ့။ နစ်နာတယ်လို့ မသုံးရက်ဘူး နိုင်ငံရေး အကျဉ်းသား မိသားစုတိုင်း အတွက်ပါ”

ကိုသူရ လွတ်လာတယ်ဆိုရင် သူ့မိသားစုတွေ ရှိတဲ့ ပြည်ပနိုင်ငံကို သွားလို့ရနိုင်မယ့် အနေအထား ရှိလား။

“အရင်က အစိုးရ လက်ထက်ကတော့ နိုင်ငံကူးလက်မှတ် မရခဲ့ဘူး။ တကယ်လို့သာ လွတ်လာရင်တော့လည်း
ကိုသူရမှာ ဇနီး၊ သား၊ သမီးတွေက ပြည်ပမှာ ဆိုတော့ အလည်သွားရင်လည်း သွားနိုင်အောင် နိုင်ငံကူးလက်မှတ် လုပ်ကြည့်ရမှာပေါ့။ ရမယ်၊ မရဘူးတော့ မသိဘူးပေါ့နော်။”

အခု မြစ်ကြီးနားထောင်က ကိုဇာဂနာရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။

“အရင်က အင်းစိန်အကျဉ်းထောင်မှာဆိုရင် မိသားစုနဲ့တွေ့ရင် ဆန်ခါ(ဇကာ) အပေါက်လောက်ပဲရှိတဲ့ သံဇကာ အပေါက်လေးတွေကနေ လက်ထိပ်လေးတွေ ထိရတာမျိုးရှိခဲ့တာရယ်။ ကိုသူရကို မိသားစုနဲ့ပေးတွေ့ဖို့ ခေါ်လာရင် အိတ်နက်ကြီးကို ခေါင်းမှာစွပ်ပြီးတော့ ခေါ်လာတာတွေကို အမ ရဲ့ အမ ဖြစ်တဲ့ ကိုသူရဇနီးက ပြောခဲ့ဖူးတယ်။ အခုတော့ မြစ်ကြီးနားထောင်မှာ ကိုသူရနေရတာ ကြိုးတိုက်လို့ ခေါ်တဲ့နေရာမှာ ကြိုးပေးပြီးသတ်မယ့် သူတွေကို ထားတဲ့နေရာမှာ ထားတယ်လို့ သိရပါတယ်။ နေကောင်းပါတယ်။ ခုနကပဲ မြစ်ကြီးနားထောင်နဲ့ အဆက်အသွယ်ရ တယ်။ ထောင်ထဲမှာပဲ ကိုသူရ ရှိနေပါတယ်တဲ့။ အရင်က အစားအစာတွေ ပို့တာနဲ့ စာရင်တော့ အဆင်ပြေတယ်ပဲ
ပြောရမှာပါ။ အရင်က အစားအစာ။ ပစ္စည်းတွေကို လအလိုက်နဲ့ ကန့်သက်ပြီးတော့ ပို့ရတာမျိုး ရှိခဲ့တယ်လေ။ အခုတော့ များများပို့လို့ရတာပေါ့နော် ဥပမာ တလကို ကော်ဖီမစ် အထုပ် ၃ဝ ပဲ ပို့ ရတာ မျိုး ရှိခဲ့တာ ကနေ အခု ကျတော့ အများကြီးပေါ့ အမတို့ကတော့ အရင်ထက်ပို့ပေးတယ်ပေါ့။ အဲဒါမျိုးလေးတွေတော့ ရှိတယ်။


                                                                                            ပန်းတိုင်

Wednesday, September 28, 2011

စာဖတ်သူများ ကြည့်ရှု့နိုင်ရန်

'ရယ်သော သူသည် အသက်ရညြ်၏' တဲ့ နအဖ စစ်အာဏာရင်ြတေကြ နည်းလမ်းပေၝင်းစုံ၊ ဘက်မဵြိးစုံကနေ ဖြိံပ် ခဵပ်ြခဵယ် တင်းကဵပ် နေတာေုကာင့် စစ်ဖိနပ်အောက်မြာ မနြ်းကဵပိံမြ်းနယ်နေုကရတဲူ့မန်မာ အိုင်အက်စ်ပီ စာဖတ်ပရိသတ်တြေ တဒဂဿပဲူဖစ်ူဖစ် စိတိံလြုံး တင်းကဵပ်နေတာတြေ ေလဵာ့ပၝး သၾားေစဖုိႛနဲႛ အေတၾး တစံုတရာ ပၾားမဵားႎိုင္ေစဖိုႛ အတကြ် ကာတနြ်းတေကြို စာအုပ် စာစောင် မဂ္ဂဇင်းတေနြဲႛ အူခား ကန်ြရက် စာမဵက်ြိာံ အသီးသီးတိုႛကနေူပန်လည် စုဆောင်း္ဘပီး လငြ့်တင် ပေးလိုက်တာူဖစ်ပၝတယ်။
                                                                                                                                          ပန်းတိုင်

ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံမေးမြန်းခြင်း

အမေး.. ။ပစ္စက္ခ နိုင်ငံရေး အခြေအနေဟာ အကောင်းဘက်ကို သွားဖို့အတွက် ခြေလှမ်းပြင်နေတယ်လို့ ပြောလို့ရမလား။


အဖြေ....။ ဒီလိုပဲ မြင်ပါတယ်။ ဒါပေမဲ့လည်း မျှော်လင့်တယ်ပေါ့နော်။ ကျွန်မအမြဲပဲ ပြောသလိုပဲ။ မျှော်လင့်လို့ရှိရင် အလုပ်လုပ်ရမယ်။ အကောင်းဘက်တော့ ရောက်မှာပဲ ဆိုပြီး မျှော်လင့်ပြီးတော့ ခံယူလို့ မရဘူး။ အကောင်းဘက်ကို ရောက်စေချင်ရင် အကောင်းဘက်ကိုလည်း ရောက်နိုင်တဲ့ အခွင့်အရေးတွေ ရှိနေပြီလို့ဆိုရင် ပိုပြီး ကြိုးစားရမယ်။ ပိုပြီးတော့ ကိုယ်က အလုပ်လုပ်ရမယ်။ အကောင်းဘက်ကို မြန်မြန် ရောက်သွားအောင်လို့။ ဘာဖြစ်လို့လဲဆိုတော့ လူတွေ ပြောကြတာပေါ့နော်။ အစကောင်းမှ အနှောင်း သေချာလို့။ ကြားကာလ တွေလည်း အများကြီး ရှိသေးတယ်လေ။ အစလေး ကောင်းရုံနဲ့ အလိုလိုကို သူ့ဟာသူဒီအတိုင်း ဆက်ဆက် ဆက်ဆက်ပြီးတော့ အနှောင်း သေချာတဲ့ဆီ ရောက်သွားမှာ မဟုတ်ဘူး။ အစ စပြီးကတည်းက ဆက်ဆက်ပြီး လုပ်နေရမှာပဲ။ ဘဝ ဟာဒီလိုပါပဲ။ နေ့တိုင်းနေ့တိုင်း ကြိုးစားရမှာပဲ။

အမေး.......။အစိုးရနဲ့ အလုပ် သဘောပါတဲ့ ဆွေးနွေးမှုတွေ ဘယ်တော့လောက် စဖြစ်မယ်ထင်လဲ။

အဖြေ....။ ဒါကတော့ ဖြစ်တဲ့အခါ သိရမှာပေါ့။ ကျွန်မက အဲဒီလို ခန့်မှန်းပြီး ပြောတာ သိပ်မလုပ်ချင်ဘူး။ ခန့်မှန်းပြီး ပြောတာ ခန့်မှန်းချက်ဟာ ခန့်မှန်းချက်ပဲ။ လွဲသွားတဲ့အခါကျ ရင်လည်း မကောင်းဘူး။ လွဲသွားတဲ့ အခါကျရင် မကောင်းဘူးဆိုတာ ဒီလိုပါ။ တမင်သက်သက် နားလည်မှု လွဲအောင် လုပ်နေသလို ဖြစ်မှာစိုးလို့ပါ။

အမေး.......။ တွေ့ဆုံ ဆွေးနွေးမှုဟာ အရင်အစိုးရ လက်ထက် ကထက်စာရင်မြန်တယ် ဆိုပေမယ့် အကျပ်အတည်း တွေ့နေတဲ့ တိုင်းပြည်တစ်ခု အတွက် တွေ့ဆုံ ဆွေးနွေးမှုဟာ အရမ်းနှေးကွေးနေတယ်လို့ မမြင်ဘူးလား။

အဖြေ......။ဒါကတော့ အများကလည်း မြင်တယ်။ ကျွန်မလည်း အမှန် ပြောရလို့ရှိရင် ပိုပြီးတော့ သွက်သွက် လက်လက် သွားလို့ရှိရင် တိုင်းပြည်အတွက်လည်း ကောင်းမယ်။ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ကောင်းမယ်လို့မြင်တယ်။

အမေး.......။ အစိုးရရဲ့ အခုလက်ရှိ တွေ့ဆုံ ဆွေးနွေးမှုဟာ တိုင်းပြည်အတွက် တကယ်စေတနာ ထားတဲ့ တွေ့ဆုံ ဆွေးနွေးမှုလား။ ဒါမှမဟုတ် တချို့တွေကျတော့ အရင်က အတွေ့အကြုံတွေ ကို အခြေခံပြီးတော့ အစိုးရက နိုင်ငံတကာ ထောက်ခံမှုကို လိုချင်တဲ့အတွက် ဒေါ်စုနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ပုံစံနဲ့ မျှားနေတယ်လို့ သံသယဝင်ကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာများပြောလိုပါသလဲ။

အဖြေ....။ ကျွန်မက အစိုးရ အဖွဲ့အစည်း တစ်ဖွဲ့လုံးနဲ့ မတွေ့ဖူးဘူး။ ကျွန်မ သေသေချာချာ စကားပြောဖူးတာက ဝန်ကြီးဦးအောင်ကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန်။ ဝန်ကြီး ဦးအောင်ကြည် ကလည်း သမ္မတကြီး ဦးသိန်းစိန်ရဲ့ ညွှန်ကြားချက်အရ ပြောတာဆိုတော့ ကျွန်မအနေနဲ့ ပြောနိုင်တာက သမ္မတကြီး ဦးသိန်းစိန်ကတော့ အကောင်း ဘက်ကို သွားချင်တဲ့ဆန္ဒရှိတယ်လို့ ကျွန်မယုံကြည်တယ်။ တချို့က ပြောတာပေါ့။ အသုံးချ ခံနေရတယ်ဆိုတာ။ အဲဒီဟာကလေ ဘာအတွက် အသုံးချလဲပေါ်မှာ တည်တာပါ။ တိုင်းပြည်အတွက် အသုံးချတယ်ဆိုလည်း အသုံးချပေါ့။ ရပါတယ်။ ဘာအတွက် အသုံးချတာလဲ။ ဒီလိုပေါ့နော်။ ရေတို အာဆီယံ ဥက္ကဋ္ဌတို့ ဘာတို့အတွက် အသုံးချတာလား ဆိုပြီး တချို့ကမေးတာမျိုး။ ဒါဟာ ဒီလိုသံသယနဲ့ပဲ ကြည့်နေမယ်ဆိုရင် ကျွန်မတို့ အလုပ်က ဆက်လို့ရမှာ မဟုတ်ဘူး။ သတိနဲ့ သံသယဆိုတာ မတူဘူး။ ကျွန်မ အမြင်မှာတော့ ဘာပဲလုပ်လုပ် သတိဆိုတာတော့ ရှိရမယ်။ သတိဆိုတာ ကတော့ လွန်ကဲတယ်လို့ မထင်ဘူး။ မဖြစ်မြောက်သေးခင်မှာ ဖြစ်နိုင်တဲ့ အထစ်အငေါ့တွေနဲ့ ပတ်သက်ပြီး သတိက အမြဲရှိရမယ်။ သံသယ ဆိုတာနဲ့မတူဘူး။ သံသယဆိုတာ အင်မတန်မှ အဖျက်အဆီးသဘော ဖြစ်နိုင်တယ်။ သတိဆိုတာတော့ အဖျက်အဆီးသဘော မဟုတ်ပါဘူး။

အမေး......။ကျွန်တော်တို့ သတင်း ဖတ်လိုက်ရတယ်။ ၂ဝ၁၄ အာဆီယံဥက္ကဋ္ဌ နေရာအတွက်ကို အန်တီ့ရဲ့သဘောထားကိုပါ သူတို့မေးချင်တယ်ဆိုတာ။

အဖြေ........။ပြောသင့်တာ ရှိရင်တော့ ပြောရမှာပေါ့။ နိုင်ငံရေးသမားအလုပ်က မေးရင် ဖြေရမှာပေါ့။

အမေး......။အန်တီ့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုထဲမှာ ပါဝင်ဆောင်ရွက်မယ်လို့ ပြောထားတယ်။ လွှတ်တော်မှာ ငြိမ်းချမ်းရေး ကော်မတီဖွဲ့တော့ အန်တီ့ကို မထည့်ထား ဘူး။ အန်တီ့ အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့အတွက် သီးခြား လှုပ်ရှားမှုမျိုး လုပ်ဖို့ရှိလား။

အဖြေ........။ငြိမ်းချမ်းရေး အတွက်လုပ်တယ်ဆိုတာ တစ်ဦးတစ်ယောက်တည်း လုပ်လို့လည်း မရပါဘူး။ အဲဒီတော့ ကျွန်မအနေနဲ့ကတော့ ဘယ်သူပဲ ငြိမ်းချမ်းရေးရအောင် လုပ်နိုင်လုပ်နိုင် တကယ်လုပ်နိုင်ရင် ကျွန်မ ကျေနပ်ပါတယ်။ ကျွန်မ လုပ်ရမယ်လို့လည်း အဲဒီစိတ်မျိုး မရှိပါဘူး။ တကယ် ကျွန်မပါဝင်လုပ်လို့ ပိုအထောက်အကူ ဖြစ်မယ်ဆိုရင် လုပ်ဖို့အဆင်သင့်ပဲလေ။ ဒါပေမဲ့ ဒါကို လုပြီး လုပ်ဖို့မဟုတ်ပါဘူး။ ကိုယ်ကနေပြီး ဖြည့်ဆည်းပေးချင်တဲ့ သဘောပါ။

အမေး......။တိုင်းပြည် တစ်ပြည်ရဲ့ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးမှာ လူလတ်တန်းစားတွေ များလာမှဖြစ်မယ် လို့ တချို့ကပြောကြတယ်။ အဲဒီအပေါ်ဘယ်လိုများ မြင်မိပါသလဲ။

အဖြေ......။ဒါကတော့ မှန်ပါတယ်။ လူလတ်တန်းစား ဆိုတာက ပြည့်ပြည့်စုံစုံ အရမ်းကျိကျိတက် ချမ်းသာတာမျိုး မဟုတ်ဘူးပေါ့နော်။ ပြည့်ပြည့်စုံစုံ သိက္ခာရှိရှိ နေနိုင်မယ့် အဆင့်ရှိတဲ့သူတွေ အများစုဆိုတာ ကောင်းတာပေါ့။ ဒါပေမဲ့လည်း တကယ် အကောင်းဆုံး ဆိုလို့ရှိရင် ဒီ လူလတ်တန်းစားလို့ ပြောလိုက်တဲ့ အခါကျတော့ ဒီလူလတ် တန်းစား အောက်မှာလည်း ရှိသေးတယ်လို့ သဘော မရောက်သွားဘူးလား။ အဲဒီလို မရှိတာတော့ အကောင်းဆုံးပေါ့။ လူလတ်တန်းစား ရှိတယ်ဆိုတာ ကောင်းပေမယ့် လူလတ်တန်းစားလို့ သုံးကတည်းက သူ့အောက်မှာ နိမ့်တဲ့လူတွေ ရှိသေးတယ်ဆိုတဲ့ သဘောပေါ့။ တတ်နိုင်သမျှ ဒီဟာကို ပြုပြင်ယူရမယ်။

အမေး.....။အာရပ်ကမ္ဘာရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုဆီကနေ ဘာတွေ သင်ယူသင့်ပါသလဲ။

အဖြေ....။တချို့ကပေါ့နော်။ အာရပ်ကမ္ဘာ မှာ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားပြီ ဆိုတာကို အားကျတာပေါ့နော်။ ကျွန်မကလည်း အားကျတာပေါ့။ မြန်မြန်ဆန်ဆန် ပြောင်းလဲ တယ် ဆိုတော့ အားကျတာပေါ့။ ဒါပေမဲ့ အာရပ်ကမ္ဘာမှာ လစ်ဗျားလည်း ပါတယ်။ လစ်ဗျားကျတော့ ဘယ်လောက် ပြည်သူတွေ နာလဲ။ ဘယ်လောက် တိုင်းပြည်နာလဲ။ ဒီဒဏ်ရာဒဏ်ချက် တွေကိုပျောက်ဖို့ ဘယ်လောက် ကြာဦးမှာလဲ။ အဲဒါတွေက အများကြီးထည့် စဉ်းစားရမယ်။ တခြားနိုင်ငံတွေမှာ ဆိုလို့ရှိရင် ခု အစကနေ စသွားပြီ။ နောက်ဘယ်လိုဆက်ပြီး ခရီးဆက်ဦးမလဲ ဆိုတာလည်း ကြည့်ရဦးမယ်။ ကိုယ့်နိုင်ငံ သူ့နိုင်ငံ တစ်ပုံစံတည်းတော့ မဖြစ်နိုင်ပါဘူး။ တိုင်းပြည်ချင်း က တစ်ပုံစံတည်းမှ မဟုတ်တာ။

အမေး....။ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားဖို့အတွက် ပြည်သူတစ်ဦးချင်းစီရဲ့ တာဝန်က ဘာလဲ။ အစိုးရကရော ဘာတွေလုပ်ပေးရမလဲ။

အဖြေ.......။အစိုးရကတော့ ဒီမိုကရေစီ ထွန်းကားစေချင်ရင် နံပါတ်တစ် အရေးကြီးတာက ဥပဒေ စိုးမိုးရေးပဲ။ ဥပဒေစိုးမိုးရေး ရှိမှသာလျှင် ပြည်သူလူထုကလည်း လုပ်ရဲကိုင်ရဲ ပိုပြီး ဖြစ်လာမယ်။ လုပ်နိုင်ကိုင်နိုင် ဖြစ်လာမယ်။ ဥပဒေစိုးမိုးရေး ရှိရမယ်။ အဲဒီ ဒီမိုကရေစီ အဆောက်အအုံကို ခိုင်မြဲအောင် တည်ဆောက်တယ် ဆိုတာ ဥပဒေ စိုးမိုးရေးက အရေးကြီးတယ်။ ဒါကြောင့် NLD ဟာ ဆိုလို့ရှိရင် လူတွေငြီးငွေ့လောက်အောင် ဥပဒေစိုးမိုးရေး ကိစ္စကို ထပ်တလဲလဲ ပြောနေတာ။ ဒါဟာ သိပ်အခြေခံ ကျလွန်းလို့ပါ။

အမေး.....။နိုင်ငံရေးကို တကယ် စနစ်တကျ လေ့လာချင်တဲ့ လူငယ်တွေအပေါ် ဘယ်လိုများ လမ်းညွှန်ချက် ပေးချင်ပါသလဲ။

အဖြေ........။အဲဒါကတော့ တစိုက်မတ်မတ် လုပ်ရမယ်။ ကျွန်မတို့ကလေ။ ကံကောင်းတယ်ပဲ ပြောရမလားပေါ့နော်။ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဒီနိုင်ငံရေး အသိုင်းအဝိုင်းထဲမှာ ကြီးလာတယ်။ နိုင်ငံရေး အသိုင်းအဝိုင်းထဲမှာ ကြီးလာတဲ့အခါကျတော့ နိုင်ငံရေးဗီဇပါရင်၊ နိုင်ငံရေးကို စိတ်ဝင်စားလို့ရှိရင် လေ့လာနိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရခဲ့တယ်။ စိတ်မဝင်စားလို့ ရှိရင်တော့ ဘယ်လိုပဲ အသိုင်းအဝိုင်းက ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်၊ ဒါတွေက လေ့လာတဲ့ အခြေအနေရောက်မှာ မဟုတ်တော့ဘူး။ ငယ်ငယ် ကတည်းက နိုင်ငံရေး စကားတွေ ကြားနေရတယ်။ နောက်ပြီးတော့ ကျွန်မတို့ ကြီးလာတဲ့ ကလေးဘဝတုန်းက ဘာကံကောင်းသေးလဲ ဆိုတော့ သတင်း လွတ်လပ်ခွင့် တွေရှိတာ။ ကောင်းကောင်း မှတ်မိတာက အိမ်မှာဆိုလို့ရှိရင် သတင်းစာ သုံးလေးစောင် ယူတယ်။ သုံးလေးစောင် ယူပြီးတော့ လူကြီးတွေ ပြောနေတာ ကြားတာပေါ့နော်။ ဒီသတင်းစာကဖြင့် အစိုးရကို ထောက်ခံတယ်။ ဒီသတင်းစာကဖြင့် အတိုက်အခံကို ထောက်ခံတယ်။ စသည်ဖြင့် ပေါ့နော်။ ဒီသတင်းစာကဖြင့် အတင်းအဖျင်းဘက်ကို ပိုပြီးတော့ အားသန်တယ်။ အဲဒီဟာတွေကို ငယ်ငယ်ကတည်းက သိနေတယ်။ လူကြီးတွေက သတင်းစာထဲက ဆောင်းပါးတွေကို ကျယ်ကျယ် ဖတ်တဲ့အလေ့ရှိတယ်။ ကလေးတွေကလည်း ကြားတာပေါ့နော်။ တချို့ဟာတွေ နားမလည်ဘူး။ တချို့ဟာတွေတော့ နားလည်တယ်။ တဖြည်းတဖြည်း နားလည်တာပေါ့နော်။ အဲဒီတော့ ငယ်ငယ်ကတည်းကနေ ပြီးတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ သိတတ်မှုပေါ့။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားမှုဟာ လေ့ကျင့်ယူမှ ဖြစ်တာ။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖတ်လို့ရယ်လို့လည်း မဟုတ်ပါဘူး။ သတင်းတွေ နားထောင်ခြင်းအားဖြင့် သတင်းစာထဲက ဆောင်းပါးတွေ လေ့လာခြင်းအားဖြင့်၊ အဲဒီအတွက်ကျတော့ သတင်း လွတ်လပ်ခွင့်က အများကြီး အရေးကြီးတယ်။

အမေး.....။သတင်း လွတ်လပ်ခွင့် အပြင်ကို၊ လူကြီးတွေကရော ကျယ်ကျယ်ဖတ်တဲ့ အလေ့အထရယ်၊နောက် ပြီးတော့ မှန်တာရေးတာတွေရယ်၊ အဲဒါတွေက ကလေးတွေ မျိုးဆက် အတွက် ပိုအကျိုးပြုတဲ့ သဘောပေါ့။

အဖြေ.....။လူကြီးတွေကလည်း အဲဒီတုန်းက ကျယ်ကျယ်ဖတ်တယ်ဆိုတာ မကြောက်လို့ပေါ့နော် (ရယ်လျက်) အဲဒါအရေးကြီးတယ်လေ။ ဘာမှ ကြောက်စရာ မလိုဘူးဆိုတော့ ကျယ်ကျယ် ဖတ်ကြတာပေါ့။ ဖတ်ပြီးတော့ ကောက်နုတ်ချက်တွေ လည်းချတာပေါ့။ ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် အစိုးရကို ဝေဖန်တာတွေ အများကြီးပဲ။ ဝန်ကြီး ချုပ်တွေ၊ ဝန်ကြီးတွေကို ဝေဖန်တာတွေ၊ လူကြီးတွေကလည်း အဲဒီဟာတွေကို မြိန်ရေယှက်ရေ ဆွေးနွေးကြတာပဲ။ ဆွေးနွေးတော့ ကျွန်မ တို့နားထဲမှာ အစိုးရဆိုတာ ဝေဖန်ခံရတယ်။ ဝန်ကြီးချုပ်ဆိုပေမယ့် ဝန်ကြီးချုပ်ဟာ ဝန်ကြီးချုပ်ပဲ။ ဝန်ကြီးချုပ်ကို မကြိုက်လည်း ပြောမှာပဲ။ ဝန်ကြီးချုပ်ဆိုတာ ကြောက်စရာလည်း မဟုတ်ဘူးပေါ့နော်။ ထူးထူးခြားခြား လေးစားသင့်မှ လေးစားရမယ်။ ဝန်ကြီးချုပ်ဆိုတာ လေးစားစေချင်ရင် လေးစားအောင် နေရမယ်။ အဲဒါတွေကတော့ အလေ့အကျင့် လို ဖြစ်သွားတယ်။

အမေး........။အန်တီနဲ့ သမ္မတကြီးတွေ့ကြတော့ ဆင်းရဲမွန်းကျပ်နေတဲ့ ပြည်သူတွေ ဆီကနေ ဘာပြန်ကြားရသလဲ ဆိုတော့ တိုင်းပြည်က အဆင်ပြေတော့မယ်။ ငါတို့ဘဝတွေ လည်း အဆင်ပြေတော့မယ်လို့ ကြားရတယ်။ အဲဒီလို မျှော်လင့်နေတဲ့ ပြည်သူတွေကို အန်တီ့အနေနဲ့ ဘာများပြောချင်ပါသလဲ။

အဖြေ........။ဒီလိုမျှော်လင့်နေတာ သဘာဝ ကျပါတယ်။ ဘာလို့လဲဆိုတော့ ဒီလောက်တောင်မှ နှစ်ပေါင်းများစွာ ရုန်းကန်နေရတဲ့ ဘဝတွေဟာ အဆင်ပြေချင်ကြတာပေါ့။ ဒါပေမဲ့ ကျွန်မ ပြောချင်တာက ဥစ္စာရင်လို ဥစ္စာရင်ခဲ။ ကိုယ်ကလည်း တတ်နိုင်သမျှတော့ လုပ်ရမယ်။ ဘာပဲပြောပြော ဖြစ်သင့် တဲ့ကိစ္စကိုး။ ဖြစ်သင့် ပါတယ်။ ဖြစ်စေချင်ပါတယ် ဆိုတာလောက်တော့ ပြည်သူ့အသံကို ထွက်လာအောင် တတ်နိုင်သလောက် ကြိုးစားသွားရမယ်။ ကျွန်မတို့ ပြည်သူတွေက အရမ်းကြောက်နေတယ်။ အခုထိက ကြောက်စိတ်က မကုန်သေးဘူး။ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း မပြောရဲကြသေးဘူး။ ဒါပေမဲ့ နည်းနည်းကတော့ စပြီးတော့ နည်းနည်းနဲ့ စွန့်စားတာ စရမှာပဲ။ နောက်ပြီးတော့ ပိုပြီး စွန့်စားရမယ်။ မီဒီယာလိုပေါ့နော်။ ကျွန်မ အမြဲပြောတယ်။ မီဒီယာက တွန်းမှ ရပါမယ်။ ဆောင်းပါးတွေ တော်တော်များများဟာ တင်ကြည့်ကြ တာပဲ။ ပယ်တယ်ဆိုရင်လည်း ပယ်တယ်ပေါ့နော်။ ဒါပေမဲ့ မတင်ကြည့်ဘူးဆိုရင် ရမလား၊ မရလား ဘယ်သိမလဲ။ အဲဒီတော့ ပြည်သူလူထု အနေနဲ့ ဒီလိုပဲ။ နည်းနည်းလုပ် ကြည့်ပါ။ လုပ်ကြည့်မှ လုပ်လို့ရမလား၊ မရသလားဆိုတာ သိမှာပေါ့။ ပြည်သူပါမှ၊ နောက်ဆုံးကျတော့ ပြည်သူပါမှ၊ ဘယ်လို လုပ်ငန်းမျိုး မဆို နိုင်ငံ တစ်နိုင်ငံ အတိုင်းအတာ နဲ့ အောင်မြင်ဖို့ဆို ပြည်သူမပါလို့ကို မဖြစ်ဘူး။

(မြတ်လေးငုံမှ ပြန်လည်ရယူထားချင်းဖြစ်ပါတယ် ခင်ဗျာ။) 


                                                                                          ပန်းတိုင်

ဘုရားသုံးဆူတွင် အခမဲ့ ဆေးစစ်မှုများပြုလုပ်

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသမှ အလုပ်သမား ၃၀၀၀ ခန့်ကို ထိုင်းနယ်စပ် အာဏာပိုင်တို့နှင့် နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အသင်းများက တနင်္လာနေ့မှ စတင်ပြီး ရောဂါရှာဖွေ စမ်းသပ်မှု အခမဲ့ ပြုလုပ်ပေးလျက်ရှိသည်။

Three-pagoda-workers
ကျန်းမာရေး စမ်းသပ်စစ်ဆေးမှု အစီအစဉ်တွင် တွေ့ရသော ဘုရားသုံးဆူဒေသမှ မြန်မာပြည်သား အလုပ်သမားများ (ဓာတ်ပုံ - လ၀ီဝမ် / ဧရာဝတီ)

“ဒီအစီအစဉ်က တပတ် ကြာပါလိမ့်မယ်။ တရက်ကို အလုပ်သမား ၆၀၀ နှုန်း စစ်ဆေးပေးမှာပါ။ ကူးစက်ရောဂါတွေ ထိုင်းနိုင်ငံထဲ ပြန့်ပွားမှာကို ကာကွယ်တဲ့အနေနဲ့ ဒီအစီအစဉ်ကို လုပ်နေတာပါ” ဟု ရောဂါရှာဖွေ စမ်းသပ်သည့် အစီအစဉ်တွင် ပါဝင်သူ အရာရှိတဦးဖြစ်သည့် Mr. Chuit Nakthongkham က ပြောသည်။

“တကယ်လို့ အလုပ်သမားတယောက်မှာ ကူးစက်ရောဂါရှိတယ် ဆိုပါစို့။ အဲဒါဆိုရင် သူ့ကို အလုပ်ခဏနားခိုင်းဖို့ အလုပ်ရှင်ကို ပြောမယ်။ ပြီးတော့ ကုသမှု ခံယူရမယ်” ဟု Mr. Chuit Nakthongkham က ဧရာဝတီကို ပြောသည်။

American Refugee Committee (ARC) က အခမဲ့ ကုသပေးမည်ဟု သူက ရှင်းပြသည်။

“တနေ့တုန်းက ကျန်းမာရေး ဆေးစစ်တဲ့အခါမှာ အဆုတ်ရောဂါဖြစ်တာ ၄ ယောက် ရှိတာ တွေ့ရတယ်” ဟု ရောဂါရှာဖွေ စမ်းသပ်သည့်အစီအစဉ်တွင် ပါဝင်ကူညီသည့် ဘုရားသုံးဆူမှ ရပ်မိရပ်ဖတဦးဖြစ်သူ နိုင်လရီရတ်က ပြောသည်။

ယမန်နေ့ နေ့လယ်ပိုင်းအထိ စစ်ဆေးချက်အရ ကူးစက်ရောဂါ ထပ်မံတွေ့ရှိခြင်းမရှိကြောင်း သူက ဆက်ပြောသည်။

“အလုပ်သမားတွေ ကူးစက်ရောဂါ ရှိလို့ မဖြစ်ဘူး။ အဲဒါ သူတို့ (ထိုင်းအစိုးရ) ရဲ့ မူဝါဒလေ” ဟု သူက ဆိုသည်။

ဘုရားသုံးဆူတွင် နေထိုင်သော ထိုအလုပ်သမားများသည် နေ့ခင်းပိုင်းတွင် ထိုင်းနိုင်ငံအတွင်း ၀င်ရောက် အလုပ်လုပ်ကိုင်ပြီး ညပိုင်းတွင် မြန်မာပြည်ဘက်သို့ ပြန်သူများ ဖြစ်သည်။

လွန်ခဲ့သည့် ၂ နှစ်ကလည်း အလုပ်သမားများအတွက် ကျန်းမာရေး အခမဲ့ စမ်းသပ်စစ်ဆေးမှုများ ဤဒေသတွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

“ဒီနှစ်တော့ အလုပ်သမားအရေအတွက် ပိုများလာတယ်။ မနှစ်ကဆိုရင် အလုပ်သမားက ၂၀၀၀ လောက်ပဲ ရှိတာ” ဟု ARC မှ ကျန်းမာရေးဝန်ထမ်းတဦးဖြစ်သည့် ကိုမင်းမင်းက ရှင်းပြသည်။

ကျန်းမာရေး စမ်းသပ်စစ်ဆေးမှုပြုသည့် နေရာကို နံနက် ၉ နာရီမတိုင်မီကပင် မြန်မာပြည်သား အလုပ်သမားများ စုဝေး ရောက်ရှိနေကြသည်။

အလုပ်သမားများ လျှောက်လွှာပုံစံရေးသွင်းခြင်း၊ လက်ဗွေနှိပ်ခြင်းများ ပြီးစီးပါက ကျန်းမာရေးဝန်ထမ်းတို့က ၎င်းတို့ကို စစ်ဆေးပေးကြသည်။

အလုပ်သမားအများအပြားမှာ ဆယ်ကျော်သက်များ ဖြစ်ပြီး အမျိုးသမီးများက သနပ်ခါး လိမ်းထားကြသည်။

စမ်းသပ်မှုအစီအစဉ်တွင် ပါဝင်ရန် တွန်းအားပေးသည့် အနေဖြင့် အလုပ်ရှင်တို့ကလည်း လုပ်ငန်းခွင်မ၀င်ဘဲ ရောဂါရှာဖွေရေးစခန်းသို့သွားသော အလုပ်သမားများကို နေ့စားခ ပေးသည်ဟု ဆိုသည်။

“ဒီနေ့ ကျနော်တို့ အလုပ်လုပ်စရာ မလိုဘူး။ အလုပ် မလုပ်ပေမယ့် ဒီနေ့အတွက် အလုပ်ရှင်က ပိုက်ဆံပေးတယ်” ဟု အလုပ်သမားတဦးက ပြောပြသည်။

ထိုင်းနိုင်ငံ စံခလပူရီမြို့ World Vision အဖွဲ့ ၀န်ထမ်းများက ဆေးစစ်ရန်ရောက်လာသော အလုပ်သမားတို့ကို နေ့လယ်စာကျွေးပြီး ကျန်းမာရေးပညာပေးနေကြသည်။ ကူးစက်ရောဂါ ကာကွယ်နည်း လက်ကမ်းစာစောင်များ၊ ကွန်ဒွန်များ ဖြန့်ဝေနေသည်။

နေ့လယ်စာစောင့်ဆိုင်းနေသည့် အလုပ်သမားတို့က World Vision အဖွဲ့က စီစဉ်သည့် ဘောလုံးပစ်ပြီး လက်ဆောင်ပစ္စည်းရယူသော ကစားနည်းတွင် ပျော်ရွှင်စွာ ပါဝင်နေကြသည်။

                                                                                        ပန်းတိုင်
၂၃ နှစ်ပြည့် NLD အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း

Tuesday, September 27, 2011

NLD ၂၃ နှစ်ပြည့် အခမ်းအနားတွင် ဒေါ်အောင်စုကြည်ရဲ့ ပြောကြားချက်များ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် တွေ့ဆုံဆွေးနွေးရေး မူဝါဒအပေါ် အခြေခံသည့် ပျော့ပြောင်းသော နည်းလမ်းဖြင့် နိုင်ငံရေးပြဿနာများကို ညှိနှိုင်း ဖြေရှင်းသွားမည်ဖြစ်ပြီး NLD က လုပ်ဆောင်မည့် နိုင်ငံရေးလမ်းစဉ်များကို ပြည်သူလူထုထံ အသိပေး သွားမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

23-NLD
NLD တည်ထောင်ခြင်း ၂၃ နှစ်မြောက် အခမ်းအနားအပြီး မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

ရန်ကုန် ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်တွင် ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စတင်တည်ထောင်ခြင်း ၂၃ နှစ်မြောက် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

NLD သည် ၂၃ နှစ်တာ ကာလအထိတိုင်အောင် ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့ရကြောင်း၊ ပါတီတရပ်အဖြစ် ဆက်လက် ရပ်တည်နိုင်ရေးအတွက် ညီညွတ်ရေး၊ စည်းကမ်းရှိရေး၊ သတ္တိတို့အရေးကြီးကြောင်း၊ စည်းကမ်းမရှိဘဲ ညီညွတ်ရေး မရနိုင်ကြောင်း၊ သတ္တိဟုဆိုရာတွင်လည်း အဖွဲ့ဝင်များသည် ၂၃ နှစ်တာ ကာလအတွင်း ခံရဲသည့်သတ္တိ၊ လုပ်ရဲသည့် သတ္တိ၊ အနာဂတ်ကို ရင်ဆိုင်ရဲသည့် သတ္တိ စသည့် သတ္တိအမျိုးမျိုးနှင့် ၂၃ နှစ်ကြာသည်အထိ ကြံ့ကြံ့ခံ ရပ်တည်ခဲ့ရကြောင်း၊ အတိတ်ကာလကို သင်ခန်းစာယူပြီး ပစ္စုပ္ပန်နှင့် အနာဂတ်ကာလ အကျိုးရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အနာဂတ်ကို ရင်ဆိုင်ရတဲ့ သတ္တိဆိုတာက အတိတ်နဲ့ ပစ္စုပ္ပန်ကို ရဲရဲဝံ့ဝံ့ ကြည့်နိုင်မှဖြစ်နိုင်မှာပါ။ အတိတ်နဲ့ ပစ္စုပ္ပန်ကို ရဲရဲဝံ့ဝံ့ မကြည့်နိုင်တဲ့သူတွေက အနာဂတ်ကို သတ္တိနဲ့ ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံနှင့် ပြည်သူအကျိုးအတွက် ဆောင်ရွက်ရာတွင် မကျေနပ်စိတ်၊ ကလဲ့စားချေစိတ်များ မထားသင့်ကြောင်း၊ မိမိ လုပ်ဆောင် နေသော အလုပ်ကို အနစ်နာခံ လုပ်ဆောင်နေသည်ဟု မမြင်ဘဲ မိမိယုံကြည်ချက်ဖြင့် လုပ်ဆောင်နေသည်ဟု စိတ်ထား တတ်ရန် လိုကြောင်း သူက ဆက်ပြောသည်။

“ကျမတို့ အဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့အကျိုးအတွက်၊ တိုင်းပြည်အကျိုးအတွက် လုပ်နေတယ်ဆိုရင် အနစ်နာခံရတယ်ဆိုတဲ့ စိတ်မျိုးကို မထားစေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အနစ်နာခံရတယ်လို့ စိတ်ထဲမှာ ထားရင် ဒီစိတ်နဲ့ဒွန်တွဲပြီး ကလဲ့စား ချေချင်စိတ်တွေ၊ မကျေနပ်တဲ့ စိတ်တွေပေါ်လာတယ်။ ကျမကတော့ ကျမရွေးတဲ့ လမ်းကြောင်းကို လျှောက်ခဲ့တယ်။ ကျေနပ်တယ်။ ကိုယ်က လိုလိုလားလား ပေးဆပ်ရမယ်။ ငါလုပ်ရချည်ရဲ့၊ အနစ်နာခံရချည်ရဲ့ဆိုတဲ့ စိတ်တွေပေါ်လာရင် အကြွေးယူချင်တဲ့စိတ်၊ အကြွေးတောင်းချင်တဲ့စိတ်ကလေးတွေ ပါလာတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

NLD သည် ဒီမိုကရေစီလမ်းစဉ်အတိုင်း အရေးကြီးခြေလှမ်းများ လှမ်းတိုင်း ပြည်သူကို အသိပေးသွားမည်ဖြစ်ပြီး တွေ့ဆုံ ဆွေးနွေးရေး မူပေါ်တွင် အခြေခံကာ ပျော့ပျော့ပြောင်းပြောင်း အကြမ်းမဖက်သော လမ်းစဉ်ဖြင့် နိုင်ငံရေး ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း သူက ပြောသည်။

“ဒီမိုကရေစီ ရရှိရေးအတွက် ကိုင်ဆုပ်ထားတဲ့ တွေ့ဆုံဆွေးနွေးရေး မူတွေပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ပြီးတော့ ပျော့ပျော့ပြောင်းပြောင်းနဲ့ ဆက်ပြီး လုပ်သွားမှာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။

NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ညီညွတ်ရေး လမ်းစဉ်အတိုင်းပင် ဆက်လက်ထောက်ခံ လုပ်ဆောင်သွားမည်ဖြစ်ပြီး ယနေ့အချိန်သည် NLD အတွက် အထိအခိုက် မခံနိုင်သော အရေးကြီးသည့် အချိန်တွင် ရောက်ရှိနေကြောင်း ပြောဆိုကြသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိမည့် လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးပြီး ဖြစ်သည့်အတွက် NLD အတွက် အရေးကြီးသော အချိန်ရောက်ရှိနေကြောင်း၊ ထို့ကြောင့် NLD ခေါင်းဆောင်များနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့များအကြားတွင် လည်းကောင်း၊ စည်ရုံးရေး အဖွဲ့အစည်းများ အကြားတွင်လည်းကောင်း အပြန်အလှန် လေးစားရေး၊ အပြန်အလှန် နားလည်မှုရှိရေးမူတို့ဖြင့် NLD ၏ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒ လမ်းညွှန်ချက်များကို လုပ်ကိုင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဦးတင်ဦးက ပြောသည်။

“အခုအချိန်ကာလမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေးအတွက် အဖွဲ့ချုပ် အဖွဲ့ဝင်များက ဘယ်လိုနည်းနှင့်မှ စုစည်း ညီညွတ်မှု၊ စည်းလုံးညီညွတ်မှု၊ ကြိုးပမ်းအားထုတ်မှုတွေကို လျော့ပါးစေမယ့်၊ ထိခိုက်စေမယ့် အပြောအဆို၊ အပြုအမူတွေကို မပြုလုပ်မိကြဖို့ အထူး လိုအပ်ပါတယ်” ဟု ဦးတင်ဦးက ဆိုသည်။

ယမန်နေ့က ပြုလုပ်ခဲ့သည့် ၀တ်ပြုဆုတောင်းပွဲ များနှင့်ပတ်သက်သည့်အမြင်ကို ပြည်တွင်း သတင်းထောက်တဦးက ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းရာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းခြင်း ဖြစ်သည့်အတွက် ကောင်းမွန်ကြောင်း ပြောသည်။

“စေတနာနဲ့ အားလုံးကောင်းဖို့ ဆုတောင်းတာဖြစ်တဲ့အတွက် ကောင်းတာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ယနေ့ နံနက် ၁၁ နာရီက စတင်ကျင်းပသော အခမ်းအနားကို NLD အဖွဲ့ဝင်များ၊ ပြည်တွင်းပြည်ပ သတင်းထောက်များ အပါအ၀င် ပြည်သူပေါင်း ၆၀၀ ကျော် တက်ရောက် ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ခဲ့ရသော်လည်း စစ်အစိုးရက အာဏာလွှဲပေးခြင်း မပြုဘဲ ဖမ်းဆီးအကျဉ်းချထားမှုများ အပါအ၀င် ဖိနှိပ်မှုများကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသော နိုင်ငံရေး ပါတီအဖြစ် ၂၃ နှစ်တိုင်တိုင် ရပ်တည်လျက်ရှိသည်။


( ဧရာဝတီသတင်းမှ ပြန်လည်ရယူထားချင်းဖြစ်ပါတယ် ခင်ဗျာ။)


                                                                                         ပန်းတိုင်













Monday, September 26, 2011

ရွှေဝါရောင် တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် အ၀ါရောင်တီရှပ်များ ၀တ်ဆင်ထားသည့် လူ ၂၀၀ ခန့်တို့သည် ယနေ့မွန်းလွဲ ၁ နာရီခန့်က ရန်ကုန်မြို့လယ် ဆူးလေဘုရားမှ စတင် ချီတက် လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

News-Uprising-Sep-26-2011Yan-Pai
ဆူးလေဘုရားတွင် ချန်ရစ်ခဲ့သောလူစု ဘုရားဝတ်ပြုနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ဆူးလေဘုရားမှ ကမ္ဘာအေးဘုရားလမ်းအတိုင်း ချီတက်ရာတွင် အင်္ဂါ ၀တ်ပြု ဆုတောင်းအသင်း၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဧရာဝတီနှင့် မြစ်ဆုံလှုပ်ရှားမှု အဖွဲ့၊ ရန်ကုန်အနီးတ၀ိုက်ရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ သန်လျင်၊ ဒလမြို့နယ်များ စသည့် အဖွဲ့အသီးသီးတို့ပါဝင်ကြောင်း ချီတက်လမ်းလျှောက်ခဲ့သူ တဦးက ပြောသည်။

“၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို စစ်အစိုးရက လွန်ခဲ့တဲ့လေးနှစ်က အဓမ္မ ဖြိုခွင့်းခဲ့တဲ့ အမှတ်တရ အနေနဲ့ ချီတက်ကြတာ” ဟု ၎င်းက ဆိုသည်။

လမ်းလျှောက် ဆန္ဒပြသူများသည် ကြွေးကြော်သံများ အော်ဟစ်ခြင်း၊ ပို့စတာများ ကိုင်ဆောင်ခြင်း မပြုလုပ်ဘဲ နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရေး၊ ဧရာဝတီမြစ်ဆုံရှိ  မြစ်ဆုံရေကာတာ တည်ဆောက်နေမှု ရပ်စဲပေးရေး၊ ၂၆ - ၉ -၂၀၁၁ သံဃာ လှုပ်ရှားမှု စသည့် စာတန်းများပါရှိသော တီရှပ်များကိုသာ ၀တ်ဆင်ထားကြကြောင်း အဆိုပါ သူကပြောသည်။

ချီတက်ရခြင်း၏ ရည်ရွယ်ချက်မှာ မြောက်ဥက္ကလာပ မြို့နယ်မှ ဆူးလေဘုရားသို့ ကား ၃ စီးဖြင့် ထွက်လာကြသည့် ဒေါ်နော်အုန်းလှနှင့် ဦးဝင်းချိုတို့ ဦးစီးသော အင်္ဂါဝတ်ပြုဆုတောင်း အဖွဲ့များကို လုံထိန်းများက န၀ဒေး လမ်းဆုံတွင် တားဆီး ပိတ်ပင်ထားသည့် အတွက်ကြောင့် ဖြစ်သည်ဟု သိရသည်။

နေ့လယ် ၂ နာခွဲခန့်တွင် မြောက်ဥက္ကလာမြို့နယ် န၀ဒေး လမ်းထိပ်၌ ပိတ်မိနေသည့် အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့အား လုံထိန်းများ က ထွက်ခွာခွင့် ပေးလိုက်သည့်အတွက် လမ်းလျှောက် ဆန္ဒပြသူများသည် ဗဟန်းမြို့နယ် ရွှေဂုံတိုင် မှတ်တိုင်မှ ဆူးလေဘုရားသို့  ပြန်လည် ချီတက်သွားကြကြောင်း သိရသည်။

News-Uprising-Sep-26-2011Yan-Pai2
ဆန္ဒပြသူများအား လူစုခွဲရန် ရဲက လာပြောနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ညနေ ၃ နာရီတွင်မူ လမ်းလျှောက်ဆန္ဒပြသည့် လူစုသည် ဆူးလေဘုရား၌ ၀တ်ပြု ဆုတောင်းမှုများ ထပ်မံပြုလုပ်ပြီး ဘုရားကို လက်ျာရစ် သုံးပတ်ပတ်ကာ လူစုခွဲခဲ့ကြောင်း လမ်းလျောက်ချီတက်ရာတွင် ပါဝင်သူက ပြောသည်။

เพิ่มคำอธิบายภาพ
လမ်းလျှောက်ချီတက်သူများ အနေဖြင့် အစိုးရထံ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းပြန်လွှတ်ပေးရန်၊ ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်း ရပ်တန့်ရန်၊ ပြည်တွင်းစစ်များ ချက်ချင်းရပ်ဆိုင်းရန်နှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန် တို့ကို အဓိက တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယနေ့နံနက်က စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန် တောင်ဥက္ကလာပ မြို့နယ် ၁၅ ရပ်ကွက် ၆ ၀ိုင်း ပစ္ဆိမာရုံ (မြိတ်) ကျောင်းတိုက်တွင် ကျင်းပခဲ့ရာ ပြည်တွင်း နိုင်ငံရေးအင်အားစုများ စုံစုံညီညီ တက်ရောက်ခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။


နိုင်ငံရေးအကျဉ်းသားများနှင့်အတူ ရဟန်း သံဃာတော်များ အမြန်ဆုံးလွတ်မြောက်ပါစေ


ပန်းတိုင်

Sunday, September 25, 2011

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး အတွက်လက်မှတ် တစ်သောင်း သမ္မထံ တောင်းဆို



နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တောင်းဆိုသည့် လက်မှတ်ပေါင်း ၁ သိန်းပြည့်ပြီဖြစ်ရာ သမ္မတ ဦးသိန်းစိန်ထံသို့ ယနေ့ ရန်ကုန်မြို့ဗဟိုစာတိုက်ကြီးမှတဆင့် မှတ်ပုံတင်ဖြင့် ပေးပို့လိုက်ပြီဖြစ်ကြောင်း ဦးဆောင် လှုပ်ရှားသူများက ပြောသည်။

“အခုပို့တာ စတုတ္တအကြိမ်မြောက်ပါ။ နယ်ပေါင်းစုံက နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး တောင်းဆိုတဲ့ လက်မှတ်တွေပါ။ အခုအကြိမ်နဲ့ဆိုရင် လက်မှတ်ပေါင်း ၁ သိန်းပြည့်ပါပြီ” ဟု ဦးဆောင်လှုပ်ရှားသူ တဦးဖြစ်သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုတိုးကျော်လှိုင်က ဧရာဝတီကို ပြောသည်။

နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လက်မှတ်ရေးထိုးမှုများကို ဒေသအသီးသီးတွင် အလွှာပေါင်းစုံမှ ပူးပေါင်းပါဝင် လာမှု ကျယ်ပြန့်လာကြောင်း၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အရေးကြီးသည်ကို ပြည်သူလူထုက သိရှိပြီး ယခုထက် ပိုမို ပူးပေါင်းပါဝင် လက်မှတ်ရေးထိုး တောင်းဆိုမှု ကျယ်ကျယ်ပြန့်ပြန့် ငြိမ်းချမ်းစွာ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သူက ဆိုသည်။

ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် နိုင်ငံရေးအကျဉ်းသားဟောင်း များနှင့် တက်ကြွသူများက ဦးဆောင်ကာ လက်မှတ်ရေးထိုး တောင်းဆိုမှုကို ယခုနှစ် ဧပြီလ ၁၇ ရက်၊ မြန်မာ နှစ်ဆန်း ၁ ရက်နေ့မှ စတင် လှုံ့ဆော်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် သမ္မတ ဦးသိန်းစိန်ထံ ပထမဆုံးအကြိမ် လက်မှတ်ရေးထိုး တောင်းဆိုရာတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမှတ်စဉ် ၁ နေရာ၌ စတင် လက်မှတ်ရေးထိုးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံရေး ခေါင်းဆောင်များ၊ ၀ါရင့် နိုင်ငံရေးသမားကြီးများ၊ ဒဂုန်တာရာ၊ လူထု စိန်ဝင်း၊ မောင်မိုးသူ စသည့် စာရေးဆရာများ၊ စာနယ်ဇင်း သမားများ၊ ဦးအေးသာအောင်၊ နိုင်ငွေသိန်း၊ ဦးပုကျင့်ရှင်းထန် စသည့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ၈၈ မျိုးဆက် ကျောင်းသားများ၊ တက်ကြွလှုပ်ရှားသူများ စသူတို့၏ လက်မှတ် စုစုပေါင်း ၅၀၀ ခန့်ကို ဧပြီ ၂၅ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် စတင်တင်ပြ တောင်းဆိုခဲ့သည်။

“အခု သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ နိုင်ငံရေးအကျဉ်းသား အားလုံးကို အမြန်ဆုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့က တကယ့် လိုအပ်ချက် ဖြစ်နေပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲမှာ အားလုံးပါဝင်နိုင်ဖို့ အခုလို တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ အမြန်ဆုံး ပြန်လွတ်လာဖို့လည်း ကျနော်တို့ မျှော်လင့်ထားပါတယ်” ဟု ကိုတိုးကျော်လှိုင်က ပြောသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှု၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ ကျောင်း သားများအပါအ၀င် လူထု လူတန်းစား အစုံ ပါဝင်ကြောင်း၊ ဒုတိယ အကြိမ်၊ တတိယ အကြိမ်မြောက် လက်မှတ်များကိုလည်း  သမ္မတထံ တင်ပြခဲ့ကြောင်း ဦးဆောင်လှုပ်ရှားသူ တဦးက ပြောသည်။

“အခုဆိုရင် နိုင်ငံခြားက လူတွေလည်း ပါဝင် လက်မှတ်ရေးထိုးကြပါတယ်။ တချို့ကလည်း သူတို့ရှိနေတဲ့ နိုင်ငံက မြန်မာ သံရုံးကို ပို့နေတာတွေ ရှိတယ်လို့ သိရတယ်။ တချို့က အွန်လိုင်းကနေ ကျနော်တို့ဆီကို လက်မှတ်တွေ ပို့နေဆဲပါ” ဟု နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ပြောသည်။

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးရှိ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် NLD အပါအ၀င် ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီ အင်အားစုများသာမက ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ခဲ့သော အမျိုးသား ဒီမိုကရေစီအင် အားစု (NDF)၊ ဒီမိုကရက်တစ် ပါတီ (မြန်မာနိုင်ငံ) စသည့် နိုင်ငံရေးပါတီများကလည်း ပါဝင်တောင်းဆို နေကြောင်း သိရသည်။

ထိုအထဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တဆည) လည်း ပါဝင်သည်ဟု သတင်းများက ဆိုသည်။

ထို့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရများ၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအပါအ၀င် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အာဆီယံ အသင်းကြီး အပါအ၀င် နိုင်ငံတကာမှ ထိပ်တန်း ခေါင်းဆောင်များကလည်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် အစဉ်တစိုက် တိုက်တွန်း ပြောဆိုနေသည်။

ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုး တောင်းဆိုမှုများ၊ တခြားသော နည်းလမ်းဖြင့် တောင်းဆိုမှုများကို မြန်မာအစိုးရ အာဏာပိုင်များက မည်သို့မှ တုံ့ပြန်မှု မပြုခဲ့ပေ။

သို့သော် မကြာသေးမီ ရက်ပိုင်းက သမ္မတ အကြံပေး ပုဂ္ဂိုလ်တဦးဖြစ်သူ ဦးကိုကိုလှိုင်က နိုင်ငံရေးအကျဉ်းသား ကိစ္စကို အလေးအနက် လုပ်ဆောင် စဉ်းစားနေကြောင်း လွတ်လပ်သော အာရှအသံ (RFA) နှင့် မေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့် ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ထားပြီး ထပ်မံ၍လည်း အသေးစိတ် ထုတ်ပြန်ရန်ရှိကြောင်း AAPP က ဆိုသည်။

(အဖမ်းဆီးခံ ရဟန်း သံဃာတော်များနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး အများဆုံးလွတ်မြောက်ပါစေ)

                                                                       ပန်းတိုင်

မြစ်ဆုံစီမံကိန်းသတင်းများ ဖြတ်တောက်ခံနေရမှု ဆက်လက်ရှိ

ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်သော သတင်း အများစုကို စိစစ်ရေးက ဖြတ်တောက်မှုများ စတင် ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ဧရာဝတီ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရအတွင်း သဘောထားကွဲလွဲမှု ကြီးကြီးမားမား ရှိနေသည့်အပြင် ပြည်သူများက မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ခြင်း မပြုရန် ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုမှုများ ရှိလာချိန် စာပေစိစစ်ရေးက သတင်း ဂျာနယ်များတွင် မြစ်ဆုံစီမံကိန်းအပေါ် ဝေဖန်ရေးသားမှု တချို့ကို စတင် ဖြုတ်ပယ်လာခြင်းဖြစ်သည်။

Dam-construction
မြစ်ဆုံ စီမံကိန်း မြင်ကွင်းတခု (ဓာတ်ပုံ - ဧရာဝတီ)
“နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာဦးမြင့်က မြစ်ဆုံစီမံကိန်းကို ပြန်စဉ်းစားသင့်တယ်၊ သူ့အနေနဲ့ မထောက်ခံဘူး ဆိုတာကို ပြည်တွင်းမီဒီယာတွေကို ပွင့်ပွင့်လင်းလင်းပဲ ထုတ်ပြောပါတယ်။ ဒါပေမယ့် အဲဒါကို စာပေစိစစ်ရေးက ခွင့်မပြုပါဘူး” ဟု ရန်ကုန်အခြေစိုက် သတင်း အယ်ဒီတာတဦးက ပြောသည်။

ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့်ပတ်သက်ပြီး ဆန္ဒပြမှုများ ဖြစ်ပေါ်နိုင်သောကြောင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရှေ့တွင် လုံခြုံရေး တင်းကျပ်စွာ ချထားသည်ဆိုသော သတင်း၊ အသက် ၄၆ နှစ်အရွယ် အမျိုးသားတဦးက မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးရန် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည် ဆိုသော သတင်းများကို စာပေစိစစ်ရေးက ပြည်တွင်း သတင်းဂျာနယ်များတွင် ဖော်ပြခြင်း မပြုနိုင်ရန် တားမြစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ Gallery 65 တွင် စက်တင်ဘာလ ၂၂ ရက်နေ့က ကျင်းပခဲ့သော “ဧရာဝတီကို ကယ်တင်ပါ” အမည်ရှိ ပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “ဧရာဝတီမြစ်ကို အခြေခံ၍ ပြည်ထောင်စု ညီညွတ်ရေး ဆောင်ရွက်သင့်သည်” ဟု နှိုးဆော် အမှာစကား ပြောဆိုခဲ့သော်လည်း စာပေစိစစ်ရေးက ဖြုတ်ပယ်ခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက် သတင်းစကားကို စာပေစိစစ်ရေးက ခွင့်မပြုပါဘူး။ ပွဲကျင်းပတယ် ဆိုတာလောက်ပဲ ခွင့်ပြုတယ်။ ဒေါ်အောင်ဆန်းစုကြည်က လူထုကို ပြောချင်တဲ့သတင်းစကားကို ကြက်ခြေခတ် ခံခဲ့ရပါတယ်” ဟု စာပေစိစစ်ရေးသို့ ပုံမှန်ဆက်သွယ် နေရသည့် သတင်းဂျာနယ် ထုတ်လုပ်ရေးတာဝန်ခံတဦးက ပြောသည်။

ယင်းအပြင် ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံကို ဝေဖန်ရေးသား ပြောဆိုမှုများကိုလည်း ပြည်တွင်း သတင်းဂျာနယ်များတွင် ဖော်ပြခြင်းမပြုရန် တားမြစ်ခံနေရသည်ဟု သိရသည်။

“တချို့ပြည်သူတွေက မြစ်ဆုံစီမံကိန်း ရပ်ပေးဖို့ ဂျာနယ်ကို စာရေးပြီး သူတို့အမြင်တွေ ပြောကြတယ်။ စာတွေထဲမှာ တရုတ်တွေကို နောက်မျိုးဆက်သစ်တွေက အဖေမခေါ်ပါရ ပါစေနဲ့တော့ ဆိုပြီး သူတို့အမြင်တွေကို ပွင့်ပွင့်လင်းလင်း ရေးပို့ကြတယ်။ ဂျာနယ်အနေနဲ့ ပေးစာကဏ္ဍမှာ ထည့်ဖို့ကြိုးစားတယ်။ ဒါလည်း အဆင်မပြေဘူး။ အဖြုတ်ခံရတယ်။ နောက်ပြီး မြစ်ဆုံစီမံကိန်း မဆောက်ဖို့ ပြည်သူတွေရဲ့လက်မှတ် စုဆောင်းပြီး သမ္မတဆီ တင်ပြမယ်ဆိုတဲ့ သတင်းမျိုးတွေလည်း အဖြုတ်ခံပါရတယ်” ဟု သတင်းထောက်တဦးက ဆိုသည်။

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ဖြတ်တောက်မှုများသည် ဒီမိုကရေစီ စနစ်နှင့် ကိုက်ညီခြင်း မရှိသည့်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း သတင်းသမားများက ပြောကြသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃၅၄ (က) တွင် နိုင်ငံသားတိုင်း မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လွပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့အပြင် ပုဒ်မ ၃၉၀ (ခ) မှ နိုင်ငံသားတိုင်း သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ရန် တာဝန်ရှိသည်ဟုလည်း ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်၍ ထင်မြင်ချက်များ ရေးသားသည်ကို စိစစ်ဖြတ်တောက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်း သတင်းသမားတဦးက ဆိုသည်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့်ပေးလိုက်ပါက ကောင်းကျိုးထက် ဆိုးကျိုးကသာ ပိုများလာမည် ဖြစ်ကြောင်း နေပြည်တော်တွင် ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေး တခုတွင် ပြောဆိုခဲ့သည်။

(ဧရာဝတီနှင့်ပတ်သတ်၍ သမ္မတကြီးနှင့်အတူ ၀န်ကြီးများ ပြန်လည် သုံးသပ်ရန် လေးစားစွာ တောင်းဆိုအပ်ပါတယ် ခင်ဗျာ။)

                                                                       ပန်းတိုင်

Friday, September 23, 2011

ဟင်္သာတမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူး အရပ်သားတွေထံမှ မတရားငွေကောက်ယူ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် သုံးပင်းကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးသိမ်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များပေါင်းပြီး ခရီးသွားပြည်သူများထံမှ အဓမ္မငွေကြေးကောက်ခံမှုများ ပြုလုပ်နေသည်။
ယခုရက်ပိုင်းအတွင်း သုံးပင်းကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ညပိုင်းကိစ္စတခုတခုဖြင့် သွားလာသူ သာမန်အရပ်သားများကို ရပ်ကွက်ရုံးသို့ ခေါ်ဆောင်ကာ ဒဏ်ငွေရိုက်ပြီး ငွေကောက်နေခြင်းဖြစ်သည်။
အဆိုပါ ဒဏ်ငွေရိုက်ငွေတောင်းသည့် ကိစ္စနှင့်ပတ်သက်ပြီး ဒေသခံတဦးက “ညပိုင်းကိစ္စနဲ့အပြင်ထွက်လို့ ည (၁၀)နာရီကျော်သွားရင် မှောင်ပြီး လူပြတ်တဲ့နေရာတွေမှာ တွေ့တဲ့လူကို မှောင်ရိပ်ခိုမှုဆိုပြီး မီးသတ်ကဖမ်းပြီး ရပ်ကွက်ရုံးကို ခေါ်သွားခံရတာ။ အဲဒီရောက်ရင် စက်ဘီးနဲ့ ခြေလျင်သမားဆိုရင် ဒဏ်ငွေ ၅၀၀၀၊ ဆိုင်ကယ်သမားဆို ၁၅၀၀၀ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးသိမ်းနဲ့ပေါင်းပြီး ဒဏ်ရိုတ်တာဗျ။ အဲလိုဒဏ်ရိုက်ခံရတာ လူတော်တော်များနေပြီ” ဟု ပြောသည်။
ထို့ပြင် သုံးပင်းကွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် အဆိုပါရပ်ကွက်ရှိ မှတ်ပုံတင်ပြုလုပ်လိုသူများကိုလည်း မှတ်ပုံတင်အတွက် ဓါတ်ပုံခကိုလည်း ကျပ်ငွေ ၁၀၀၀ ကောက်ယူတာမျိုးလည်း ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
သုံးပင်းကွင်းရပ်ကွက်သူ/သားများ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ မတရာသည့် လုပ်ရပ်များကြောင့် မခံမရပ်နိုင်ဖြစ်နေရသလို သာမန်ပြည်သူအရပ်သားများ၏ လုံခြုံရေးကိုလည်း အာဏာပိုင်များကိုယ်တိုင် ခြိမ်းခြောက်နေသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားလျက်ရှိကြောင်း သုံးပင်းကွင်းရပ်ကွက်သားတဦးက “ကျနော်တို့ရပ်ကွက်ထဲကပဲ ဦးအုန်းရွှေကို ပြီးခဲ့တဲ့ (၇)လပိုင်းကတည်းက ရဲစခန်းက ခေါ်ပြီးစစ်မေးနေတာ ခုချိန်ထိပဲ တချို့ရက်တွေမှာဆို တနေကုန်ခေါ်စစ်ခံနေရတာ ဘာမှလည်းမဟုတ်ပဲနဲ့ အာဏာပိုင်တွေဘက်က အကြောင်းပြတာက နိုင်ငံရေးလှုပ်ဆော်စာ ဖြန့်တယ်လို့ ထင်တဲ့အတွက် မသင်္ကာလို့ဆွဲတာတဲ့ အဲဒါ ဟင်္သာတရဲစခန်းက ဒုရဲအုပ်တွေ တလှည့်စီ စစ်မေးတာခံနေရတယ်ဗျ” ဟု ပြောသည်။
ဟင်္သာတမြို့ပေါ်တွင် နိုင်ငံရေလှုပ်ဆော်စာဖြန့်ဝေသည့် သတင်းများထွက်ပေါ်ခြင်းလည်းမရှိပဲ အခုလို သာမန်အရပ်သားတဦးကို ရက်ရှည်ခေါ်ယူစစ်မေးခြင်းသည့် ဒီမိုကရေစီကို ဖော်ဆောင်နေသည့် အစိုးရသစ်လက်ထက်တွင် အာဏာရှိသူကိုယ်တိုင်က လူ့အခွင့်အရေးကို ချိုးဖောက်နေသည့် လုပ်ရပ်များ လုပ်ဆောင်နေကြသည်။





                                                                                      ပန်းတိုင်

ဂဠုန်ဦးစော၏ မိသားစု ရပ်တည်ဖြတ်သန်းမှု

"ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး"

(ဒေါ်အောင်ဆန်းစုကြည်)

လီလီပန်း အဖြူရောင်လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက် ငွေဖလားကြီးထဲ၌ လှလှပပ လန်းလန်းဆန်းဆန်း။ လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မှကြီးကျယ် ခမ်းနားလှသည့် မင်္ဂလာအခမ်းအနားပွဲ တစ်ခု၏ မြင်ကွင်းဖြစ်သည်။

ဘိသိက်ခံမင်္ဂလာမောင်နှံမှ သတို့သမီးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံမှုတွင် မြန်မာ့သမိုင်း တရားခံတစ်ဦးအဖြစ် ပြည်သူများအကြား ယနေ့တိုင် နာမည်ဆိုးနှင့် ရှိနေခဲ့သော ဂဠုန်ဦးစော၏ မြေးဖြစ်၏။ ဦးစော၊ ဒေါ်သန်းခင်တို့၏ သမီးဒေါ်ဘေဘီစောမှ မွေးဖွား သော ဒုတိယသမီး ဒေါ်မွန်မွန်ရင်ဖြစ်သည်။

ဒေါ်မွန်မွန်ရင်၏ မင်္ဂလာပွဲ ဘိသိက်ပန်း ငွေဖလားတွင် လီလီပန်းကိုသာ ထိုးရမည်ဆိုသည့် အဘွားဒေါ်သန်းခင်၏ တစ်ချက်လွှတ် ဆန္ဒဖြင့် ထိုလီလီပန်းဖြူဖြူ ဖွေးဖွေးများကို ရန်ကုန်တစ်မြို့လုံးတွင် မရမက ရှာဖွေခဲ့ရသည်ဆို၏။

ထိုပန်းများကို တစ်မြို့လုံးတွင် မရမက လိုက်လံရှာဖွေခဲ့ရာ နောက်ဆုံးတွင်မှ တိုက်တိုက်ဆိုင်ဆိုင်ပင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ခြံထဲ၌ စိုက်ပျိုးထားသော လီလီပန်းများရှိကြောင်း သတင်းရသဖြင့် ထိုလီလီပန်း အဖြူရောင်များကို မင်္ဂလာဘိသိက်ပန်းအဖြစ် ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က ဖြစ်ပြီး သမိုင်းဝင် မှတ်တမ်းတွင် မိသားစုနှစ်ခုကြား တစ်ကြိမ်တည်းသော အမှတ်မထင်ဆုံစည်းခဲ့သည့် ဆက်စပ်မှုတစ်ခု ဖြစ်ခဲ့လေသည်။

“ပန်းတွေ သွားခူးတဲ့နေ့က လာခူးတဲ့ လူတွေကို အန်တီဒေါ်ခင်ကြည်က အိမ်ပေါ်ကနေသော့ ပစ်ချပေးရင်း ဘယ်သူ့မင်္ဂလာဆောင်လဲလို့ မေးတယ်တဲ့။ ဦးစော၊ ဒေါ်သန်းခင်မြေး မင်္ဂလာဆောင်ပါလို့ ပြောတော့ သြော် ဒေါ်သန်းခင်က မြေးတွေဘာတွေနဲ့ ဆိုတော့ ကျွန်မထက် သူကတောင် ပိုကံကောင်းတာပေါ့လို့ ပြောတယ်တဲ့။ အဲဒီစကားလေးနဲ့ ပန်းလေးတွေက မှတ်မှတ်ရရပါပဲ” ဟု ဒေါ်မွန်မွန်ရင်က သူ့မင်္ဂလာဆောင် အမှတ်တရ ဘိသိက်ပန်းအဖြစ် ဒေါ်ခင်ကြည် စိုက်ပျိုးထားသော အဖြူရောင် လီလီပန်းလေးများကို မင်္ဂလာငွေဖလားထဲတွင် ထိုးစိုက်နိုင်ခဲ့ပုံကို ဂုဏ်ယူဝင့်ကြွား ပီတိဖြစ်စွာ ပြန်ပြောင်းပြောပြသည်။

ယခုအခါ ဦးစော၏ ဇနီး ဒေါ်သန်းခင်လည်း မရှိတော့၊ ဦးစော၏ သမီးဒေါ်ဘေဘီစောလည်း ကွယ်လွန်သွားပြီ ဖြစ်သည်။ အချိန်ကာလ ဆယ်စုနှစ်တွေလည်း တစ်စုပြီးတစ်စု ဖြတ်ကျော်ခဲ့ပြီ ဖြစ်သကဲ့သို့ ဦးစောမိသားစုဝင်တွေလည်း သမိုင်းမှအရိပ်မည်းတစ်ခု၏ ခြောက်လှန့်မှု အောက်မှ တဖြည်းဖြည်း ရုန်းထွက်လာနိုင်ပြီ ဖြစ်သည်။ သမိုင်းတရားခံ မိသားစုအဖြစ် အပြစ်ရှိသူများကဲ့သို့ ဖြတ်သန်းလာခဲ့ရသည့် ကာလများမှာ အချိန်တွေ ကြာလာသည်နှင့်အမျှ ဒေါ်မွန်မွန်ရင်၏ သား၊သမီးမြေးများ လက်ထက် ယခုအခါတွင်မူ တဖြည်းဖြည်း လွတ်မြောက်လာခဲ့ပြီဟု ဒေါ်မွန်မွန် ရင်ကယူဆလေသည်။

“အန်တီ့မေမေနဲ့ အဘွားတုန်းကတော့ တော်တော်လေး ရပ်တည် ရုန်းကန်ခဲ့ကြရတယ်။ အန်တီတို့ကျတော့ ကံကောင်းပါတယ်။ တော်တော်ကို အခြေအနေ ကောင်းလာပါတယ်။ ဒါပေမဲ့ အန်တီ့သမီးကြီးတုန်းကတော့ နည်းနည်းလေး ဂယက်ရှိခဲ့သေးတယ်။ ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး”

“ဦးစောမြစ်တဲ့”၊ “ဦးစောမြစ်တဲ့” ဆိုသည့် တစ်ကျောင်းတည်းနေ ကျောင်းသူ၊ ကျောင်းသားများထံမှ ကြားရသည့် မလိုလားသော အသံဟန်နှင့် ပြောဆိုမှုကိုကြုံတွေ့ခဲ့ရသည့် သမီးကြီးအတွက် ဒေါ်မွန်မွန်ရင် စိတ်ပူကာ နောက်ကျောင်းတစ်ကျောင်းသို့ ပြောင်းထားခဲ့ရသည်။

“ကလေးတွေမှာ ခံစားချက်ရှိ တယ်။ ကလေးချင်းဘာမှ ဆိုးဆိုးဝါးဝါးမရှိပေမယ့် ကျောင်းမှာ သူတို့အဘိုးနာမည်ကိုတပ်ပြောလာတော့ ကြောက်တာပေါ့လေ။ ကလေးစိတ်အနှောင့် အယှက်ဖြစ်မှာစိုးတာနဲ့ ကျောင်းပြောင်းလိုက်ရတာပေါ့”ဟု အဘိုးဖြစ် သူ၏ ဂယက်ရိုက်ခတ်မှုက မြစ်ဖြစ် သူအထိပင်ရှိခဲ့ကြောင်းကို ဒေါ်မွန်မွန်ရင်က ဥပမာပေး၍ ပြောပြသည်။

ဒေါ်မွန်မွန်ရင်မှာ ငယ်စဉ်က ပင် မိခင်နှင့်အဘွားဖြစ်သူသင်ကြား ပေးသည့်အတိုင်း နေထိုင်ခဲ့ရသလို ယခုသူ့သားသမီးမြေးများကိုလည်း ထိုကဲ့သို့ပင် ဆက်လက်သင်ကြားပေး သည့်အတွက် လူမှုပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

“အန်တီ့ကိုငယ်ငယ်ကတည်း က မေမေကပြောတယ်။ ကိုယ့်မှာအပြစ်ရှိခဲ့တယ်။ အဲဒါကြောင့်သူများ တွေက အဘိုးနဲ့ပတ်သက်လို့ပြော လာရင် ပြန်ရန်ဖြစ်တာတို့ ပြန်ပြောတာတို့မလုပ်ရဘူးတဲ့ ဦးနှောက်ထဲကို အဲဒီအတိုင်းသွင်းပေးထားတာ။ အဲဒီတော့ ဘာမှ ပြန်မပြောရဲဘူး”ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

ဒေါ်မွန်မွန်ရင်သည် မိသားစုနှင့်အတူ ဦးစော နေထိုင်ခဲ့ရာ အေဒီလမ်းရှိ အိမ်ခြံဝင်းနှင့် တစ်ခြံကျော်၌ လက်ရှိနေထိုင်လျက်ရှိသည်။ သူတို့အိမ်ဧည့်ခန်းဆောင်တွင် ၀င်ဝင်ချင်း တွေ့မြင်ရသည်က ဦးစောနှင့် ဇနီးဒေါ်သန်းရင်တို့ ဇနီးမောင်နှံပုံတူ ကျောက်စီပန်းချီကားကြီးဖြစ်၏။ ထိုပန်းချီကားခြေရင်းတွင် စားပွဲတစ်လုံးချကာ ရေပူရေအေး ဆက်ကပ်ထားသည်ကိုလည်း တွေ့ရသည်။

သမိုင်းတရားခံတစ်ဦး ဖြစ်သော်ငြား မိသားစုဝင်များကမူ ဦးစော ကြိုးစင်မတက် ခင် ထောင်အတွင်းမှ ရေးသားထားသောစာများကိုဖတ် ရှုသိမ်းဆည်းထားကာ ထိုစာများအရ အဘိုးဖြစ်သူ ဦးစောသည် မသေဆုံးမီ အမှန်တရားကို သိမြင်လက်ခံသွားခဲ့သည်ဟု ယုံကြည်လျက်ရှိကြ သည်။ ဦးစောက သူတို့အတွက် သူရဲကောင်း တစ်ယောက်မဖြစ်ခဲ့သော်လည်း သမိုင်းသင်ခန်းစာများ ပေးသွားခဲ့သူ တစ်ယောက်ဖြစ်သည့်အပြင် တိုင်းပြည်ကို ချစ်မြတ်နိုးခဲ့သူ တစ်ယောက်အဖြစ်လည်း လက်ခံထားကြသည်။

“သူမသေခင်ရေးခဲ့တဲ့ စာကိုကြည့်ရင်သူအမှန်တရားကို သိသွားခဲ့လို့ပေါ့။ တကယ်တော့ အထင်လွဲမှု တွေကနေ ဖြစ်လာတဲ့ သူ့ပင်ကို စိတ်ပေါ်လာတာပေါ့။ ဒေါသစိတ်ကြောင့် ဖြစ်ခဲ့ရတာလေ။ အဲဒီလိုသာ မဟုတ်ခဲ့ရင် တိုင်းပြည်လည်း ဒီလို ဘယ်ဖြစ်မလဲ။ သူလည်း တိုင်းပြည်ကို ချစ်တဲ့သူတစ်ယောက်ပဲ ဆိုတာ အန်တီတို့အိမ်မှာ ကျန်ခဲ့တဲ့ စာရွက်စာတမ်း၊ စာအုပ်တွေကို ကြည့်ရင်သိ နိုင်ပါတယ်””ဟု အဘိုးဖြစ်သူအပေါ် မိသားစုဝင်တစ်ဦးအဖြစ် နားလည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။



မည်သို့ပင်အဘိုးဖြစ်သူကို နားလည်မှုရှိသည်ဆိုဦးတော့ အဘိုး၏ တိုင်းပြည်အပေါ် ကျူးလွန်ခဲ့မှုအတွက် ယနေ့အချိန်ထိ ပေးဆပ်ရလျက်ရှိဆဲ ဖြစ်သည်ဟုဆိုသည်။

“လူတွေအမြင်မှာ သြော်.. ဒီမိသားစု သူတို့အပြစ်တော့သူတို့ သိသားပဲဆိုတာမျိုး ဖြစ်အောင် နေရပါတယ်။ အန်တီ့မေမေနဲ့ အဘွားတုန်းကဆိုရင် သူတို့တွေက ရှိတဲ့ပစ္စည်း ထုတ်ရောင်းတာ။ အပြင်လူနဲ့ ကူးလူးရတဲ့ စီးပွားရေးတွေ ဘာတွေလုပ်လို့ အဆင်မပြေဖူးလေ။ အဘိုးထားခဲ့တဲ့ ခြံပတ်ပတ်လည်က မြေတွေရောင်းစားပြီး နေလာခဲ့ကြတာ။ အန်တီ့အမေ လက်ထပ်ပြီး နောက်ပိုင်း အဖေက ၀န်ထမ်းဆိုတော့ အန်တီတို့လည်း ၀န်ထမ်းမိသားစုဝင်တွေ ဖြစ်လာတာပေါ့။ တဖြည်းဖြည်းနဲ့” ဟု ဦးစောမိသားစုဝင်များအဖြစ် ဖြတ်သန်းခဲ့ရသည့် အတိတ်ပုံရိပ်တို့ကို ပြန်ပြောင်းပြောပြသည်။

ယခုတော့ တဖြည်းဖြည်းနဲ့ လူမှုဝန်းကျင် ကျယ်ပြန့်လာခဲ့သည် မှာ သားကြီးက ပြည်သူတွေနဲ့ ထိ တွေ့ဆက်ဆံရသည့် အနုပညာရှင်တစ်ဦးအဖြစ် ဆယ်နှစ်ကျော်ဖြတ်သန်းခဲ့ပြီ ဖြစ်သည်။ သားကြီးက သရုပ်ဆောင် မင်းခဖြစ်သည်။

သားကြီးသရုပ်ဆောင်လုပ် လိုသည်ဟုပြောသည့်နေ့က ဒေါ်မွန် မွန်ရင်အော်လိုက်သည့်အသံမှာ တစ်အိမ်လုံးပင် လန့်သွားရသည်ဟုဆို သည်။

“သရုပ်ဆောင်ပဲ ၀ါသနာပါတယ်။ သရုပ်ဆောင်ပဲ လုပ်မယ်ဆိုတော့ အဲဒီနေ့က အန်တီအော်လိုက်တာ အိမ်ကလူတွေတောင် လန့်သွား တယ်။ အမလေး၊ အမလေး ဘယ့်နှယ့် တစ်မိသားစုလုံး လူမသိသူမသိ နေလာရပါတယ်ဆိုမှ မင်းကျမှ သရုပ်ဆောင်လုပ်မယ် ဆိုပြီးတော့လေ။ ဘယ်လို စဉ်းစားလို့မှ မရတာ။ ဒါပေမဲ့ သူတို့ အဖေက ၀ါသနာပါတာ လုပ်ပါစေ ဆိုပြီး ကြည့်နေလိုက်တာ အခု ၁၀ နှစ် တောင်ရှိခဲ့ပြီ” ဟု ဆိုလေသည်။

မင်းခသရုပ်ဆောင်လုပ်နေ စဉ်မှာလည်း အချို့က ဦးစောမြစ် အဖြစ်သိကြသူများရှိသလို အများစု ကတော့မသိကြ။ သို့သော်လည်း သူ့အနုပညာ လုပ်ငန်းတွင်တော့ အဘိုးကြောင့် တစ်စုံတစ်ရာ အရိပ် မထင်ခဲ့ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။

ထိုကဲ့သို့ ဦးစောမိသားစုကို သိရှိဆက်ဆံ ရင်းနှီးကြသူများဖြင့် တဖြည်းဖြည်း ပြောင်းလဲမှုများ ရှိလာခြင်းတို့က ဒေါ်မွန်မွန်ရင် လက်ထက်ကပင် စခဲ့သည်ဆိုကလည်း မမှားပေ။ အာဇာနည်နေ့ နီးတိုင်း ပြုလုပ်လေ့ရှိသည့် ဟောပြောပွဲများ၊ ကျောင်း တွင်းလှုပ်ရှားမှုများလုပ်သည့် ရက်များဆိုလျှင် ဒေါ်မွန်မွန်ရင် မိဘများက သူမကို ကျောင်းသို့မလွှတ်တော့။ ဖခင်တာဝန်ကျရာ မော်လမြိုင်မြို့ရှိ မော်ဒလိန်းကျောင်းတွင် ၄ တန်းမှ ၇ တန်းအထိတက်ခဲ့စဉ်က အမှတ်တရ တစ်ခုရှိခဲ့ဖူးသည်။

ဦးစော၏ မြေးမှန်း မြို့ကလူများရော ကျောင်းကပါ သိကြသည့်မို့ မိဘများက အာဇာနည်နေ့ အကြိုနေ့မျိုးတွင် ကျောင်းလွှတ်ရန် စိတ်ပူပန်ခဲ့သည့်အတွက် ကျောင်းမတက်ခဲ့ရ။ ထိုအကြောင်းကို ကျောင်းမှ အကြီးတန်း ကျောင်းသားများက သိကြသည့်အခါ သူ့ထံလာရောက်၍ အားပေးနှစ်သိမ့် စကား ပြောခဲ့ဖူး သည်ကို ဒေါ်မွန်မွန်ရင်မမေ့ခဲ့။ ကျောင်းသားကြီးများ၏ ထိုသို့ အားပေးနှစ်သိမ့်မှုများက ဒေါ်မွန်မွန်ရင်ကို အတော်ပင် အားတက်စေခဲ့သည်။

“ကျောင်းဟောပြောပွဲတွေမှာဆို အတန်းကြီးတွေက ပြောတာကိုး။ အဲဒီရက်မှာ ကျောင်းမတက်တာ သိတော့ သူတို့က နောက်နေ့ အတန်းထဲကို လာပြောတယ်။ ဒါက သမိုင်းကို ပြောတာပေါ့နော်။ နင်တို့နဲ့ မဆိုင်ဘူးပေါ့။ ကျောင်းမတက်ဘဲ မနေနဲ့။ နောက်ဆိုရင် လာတက်။ နားထောင်ပေါ့ ဆိုတာနဲ့ နောက်နှစ်တွေက စပြီး အဲလိုပွဲတွေ သွားတက်ဖြစ်တယ်” ဟု မိဘများက စိတ်ပူသော်လည်း ကလေးအချင်းချင်း ပြဿနာ မရှိခဲ့ဘဲ နားလည်မှုရခဲ့ပုံကို ဒေါ်မွန်မွန်ရင်က ရှင်းပြသည်။

နောက်ပိုင်းမော်လမြိုင်မှ ရန်ကုန်သို့ ပြန်ပြောင်းလာကာ အထက ၂ စမ်းချောင်း (စိန်ဖလိုး)သို့ ကျောင်းပြောင်းခဲ့သည်။ ၈ တန်းမှ ၁၀ တန်းအထိ တက်ခဲ့ခြင်းဖြစ် ကာ ကျောင်းပြောင်းစတွင် သူ့ကို အတန်းကြီးများက ဦးစောမြေးအဖြစ် လာရောက်ကြည့်ရှုကြသည်မှအပ အခြားပြဿနာ တစ်စုံတစ်ရာမရှိခဲ့။

“မိန်းကလေးကျောင်းဆိုတော့ အစ်မကြီးတွေပေါ့။ လာကြည့်ကြတယ်။ အုပ်စုလိုက် လာကြည့်ပြီးမှ အားနာသွားပြီး သြော် အသစ်ဆိုလို့ လာကြည့်တာပါ။ ဘာညာနဲ့ လျှောချသွားတယ်။ သူငယ်ချင်းတွေက ကိုယ်နဲ့ ပေါင်းကြည့်တယ်။ အဆင်ပြေတော့လည်း ခင်မင်ရင်းနှီးသွားတာပါပဲ” ဟု ဒေါ်မွန်မွန်ရင်က ပြောသည်။

သေနတ်ဒဏ်ရာ တစ်ဆယ့်သုံးချက် ထိမှန်ကျဆုံးခဲ့ရသည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုနှင့် ထိုလုပ်ကြံ သတ်ဖြတ်မှု၏ ဦးဆောင်တရားခံ ဦးစောမိသားစု ကြားတွင်လည်း သည်ဆယ်စုနှစ်များစွာအတွင်း တွေ့ဆုံဆက်ဆံမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ထိုသမိုင်းဝင်ဖြစ်ရပ်အတွက် နာကြည်းမုန်းတီးမှုတို့ကို မတွေ့ရသည်က ဒေါ်ခင်ကြည် စိုက်ပျိုးထားသည့် လီလီပန်းများကို ဦးစောမြေး မင်္ဂလာဆောင်တွင် အသုံးပြုရန် ငြင်းပယ်ခြင်းမရှိခဲ့သည့် အဖြစ်အပျက်တစ်ခုကသာ ပြသနေသည်မဟုတ်။ ဦးစောမိသားစုအတွက် အမြဲကျေးဇူးတင် နွေးထွေးနေခဲ့ရသည်ဆိုသော ဒေါ်ခင်ကြည်၏ အမှတ်တရ စကားတစ်ခွန်းလည်း ရှိပါသေးသည်။

လွတ်လပ်ရေးရပြီး နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍ ဒေါ်ခင်ကြည်အား နစ်နာကြေး တောင်းခံနိုင်ရန် တရားစွဲဆိုနိုင်သေးကြောင်း အကြံပြုသူရှိခဲ့သော်လည်း ထိုအချိန်က ဒေါ်ခင်ကြည် ပြောခဲ့ သည့်စကားကို ဒေါ်မွန်မွန်ရင် အဘွားမှသည် မိသားစုအားလုံးက မမေ့နိုင်ခဲ့ကြ…။

“အန်တီဒေါ်ခင်ကြည်က ဘာပြောခဲ့လဲဆိုတော့ ဒေါ်သန်းခင်က မျက်နှာမရှိဘဲ ဖြစ်ရတဲ့ မုဆိုးမ။ ကျွန်မက ဂုဏ်ရှိပြီး ကျန်ခဲ့ရတဲ့ မုဆိုးမပါ။ ဒါကြောင့် ဒေါ်သန်းခင်ဆီက ကျွန်မ ဘာမှ မယူလိုတော့ပါဘူးတဲ့။ အဘွားက အဲဒီစကားကို အခုထက် ထိမမေ့ပါဘူး” ဟုဆိုလေသည်။

ထိုအမှတ်တရများနှင့်အမှတ်တရ မင်္ဂလာဘိသိက အဖြူရောင် လီလီပန်းလေးများကပင် မိသားစုနှစ်စုကြား အဃာတတရား မရှိခဲ့ခြင်းကို သက်သေပြနေသည်။

ဒေါ်မွန်မွန်ရင်က ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်ကို အပြင်တွင် မတွေ့မမြင်ဖူးဘဲ အခြေအနေပေးခဲ့၍ တွေ့ခွင့်ရခဲ့ရပါက တွေ့လိုစိတ် ပြင်းပြင်းပြပြ ဖြစ်မိသော်လည်း တကယ်တမ်း တွေ့ရမည်ဆိုခဲ့လျှင်လည်း တွေ့ဖို့ မ၀ံ့ရဲကြောင်း ဖွင့်ဟသည်။

“ကိုယ်က ဒီမှာတောင် ငုံ့နေရတဲ့သူလေ။ ဒေါ်စုကတော့ Image အရမ်းကြီးတယ်။ ကမ္ဘာကတောင် အသိအမှတ်ပြုခံရတဲ့သူ ဆိုတော့လေ။ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။ မိသားစု သမိုင်းကြောင်းတွေကြောင့် တွေ့ဖူးချင်ပေမယ့်လည်း မတွေ့ရဲပါဘူး။ မေမေတို့တုန်းက ဆိုရင်တော့ တစ်မျိုးပေါ့လေ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်းနှင့် ပြောစရာ မရှိအောင်ပင် ကွာခြားမှုများပါကြောင်း ဒေါ်မွန်မွန်ရင်က ဆိုသည်။

ဒေါ်မွန်မွန်ရင်တို့ ဦးစောမျိုးဆက် မိသားစုဝင်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ အပြစ်မရှိသူ မိသားစုဝင်များ အပြစ်ရှိသလို ခံစားနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း ကရုဏာစကား ဆိုပါသည်။

“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

မိသားစုဝင်များနှင့်သာမဟုတ် ဦးစောအပေါ်ကိုပင် မည်သို့မျှ သဘော မထားကြောင်း ကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “ဖေဖေနဲ့ ပတ်သက်ပြီး တွေးရင် ဦးစောကြောင့် ဖေဖေ ဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်””ဟု ဆိုလေသည်။

ဒေါ်မွန်မွန်ရင်ကတော့ သမိုင်းမှတ်တမ်းများမှာ မိသားစုနှစ်ခုကြား၌ ဖြစ်တည်ကွာခြားချက်များစွာ ရှိသော်လည်း ထိုကွာခြားမှုကြား တူညီမှုတစ်ခု ရှိမည်ဆိုသည်ကို ယခုလိုယုံကြည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။

“တကယ်တော့ တိုင်းပြည်ကို ချစ်ကြတာချင်းတော့ အတူတူပဲနေမှာပါ” ဟူ၍ ဖြစ်လေသည်။


စာရေးသူ ငြိမ်းငြိမ်းနိုင်၏ ဆောင်းပါးတစ်ပုဒ်

မြတ်လေးငုံ သတင်းမှ ရယူထားပါသည်။




                                                                                               ပန်းတိုင်

Monday, September 19, 2011




(ဧရာဝတီ သတင်း မှ ကူးယူထားတာပါ။)

မြစ်ဆုံဆည် ကိစ္စ အစိုးရအဖွဲ့ အတွင်း သဘောထား ကွဲလွဲနေ

ဧရာဝတီမြစ်ဆုံတွင် ရေအား
လျှပ်စစ်စီမံကိန်း တည်ဆောက်မည့် ကိစ္စနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့အတွင်း သဘောထား ကွဲလွဲမှုရှိနေသောကြောင့် မြစ်ဆုံဆည် ဆက်လက် တည်ဆောက် ခြင်းပြု၊ မပြုကိစ္စ မတင်မကျ ဖြစ်နေကြောင်း သတင်း ရရှိသည်။
သမ္မတ ဦးသိန်းစိန်အပါအ၀င် အစိုးရ၀န်ကြီးဌာန တချို့က မြစ်ဆုံစီမံကိန်းနှင့် စပ်လျဉ်း၍ ဆန်းစစ်လေ့လာမှုများ ပြုလုပ်ပြီးမှ ပြန်လည် ဆောက်လုပ်ခွင့်ပြုသင့်၊ မပြုသင့် ဆုံးဖြတ်ရန် လိုလားနေကြသော်လည်း ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အပါအ၀င် အစိုးရ၀န်ကြီး တချို့ကမူ မြစ်ဆုံစီမံကိန်း မူလရည်မှန်းချက်အတိုင်း အကောင်အထည် ဖော်သွားရန် ဆန္ဒ ရှိနေကြကြောင်း သိရသည်။

နေပြည်တော်တွင် စက်တင်ဘာလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်သည့် ဧရာဝတီမြစ်နှင့် သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရ ၀န်ကြီးတချို့၏ သဘောထား ကွဲလွဲမှုများကို သိသိသာသာ တွေ့မြင်ခဲ့ရကြောင်း တက်ရောက်ခဲ့သည့် သတင်းထောက်များ ထံမှ သိရသည်။

“အလုပ်ရုံ ဆွေးနွေးပွဲ နောက်ဆုံးမှာ စက်မှု ၂ ၀န်ကြီးဦးစိုးသိန်းက အကြံပြုချက်တခု တင်ပြတယ်။ ဒီအကြံပြုချက်မှာ စည်းလုံးညီညွတ်မှု မပြိုကွဲချင်တဲ့ အကြောင်း၊ ပြည်သူကို အလေးထားတဲ့ အကြောင်းပြောတယ်။ ဒါပေမယ့် အဲဒီ အကြံပြုချက်ကို အစိုးရ သတင်းစာတွေမှာ မဖော်ပြဘူး” ဟု ဆွေးနွေးပွဲ တက်ရောက်ခွင့် ရခဲ့သည့် ပြည်တွင်း သတင်းထောက် တဦးက ပြောသည်။

ဧရာဝတီမြစ်နှအလုပ်ရုံ ဆွေးနွေးပွဲတွင် အမှတ် ၁ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက သဘာဝ ပတ်ဝန်းကျင် လေ့လာဆန်းစစ်မှုများ ပြုလုပ်သွားမည် ဖြစ်သော်လည်း မြစ်ဆုံစီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ပြောသည်။

ပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်၊ သတ္တုတွင်းဝန်ကြီး ဦးသိန်းထိုက် အပါအ၀င် ဒုဝန်ကြီးတချို့က
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည် နိုင်ငံအတွက် အကျိုးဖြစ်ထွန်း စေမည်ဖြစ်သောကြောင့် ဆက်လက် ဆောင်ရွက် သင့်သည်ဟု ဆိုကြသည်။

“မြစ်လက်တက်တွေမှာ ဆည်တွေ များများ ဆောက်တာဟာ မြစ်ကြောင်း ထိန်းသိမ်းရေး အထောက်အကူ ပြုပါတယ်။ ဆည်တွေက နုန်းတွေကို တားဆီးထားပြီး မြစ်ကြောင်း တလျှောက် နုန်းကျတာ နည်းစေတယ်” ဟု ၀န်ကြီး ဦးဉာဏ်ထွန်းအောင်က ဧရာဝတီမြစ်ဆုံ စီမံကိန်း တည်ဆောက်ရန် ထောက်ခံရသည့် အကြောင်းအရင်း တရပ်ကို
ပြောသည်။

အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် စီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကြီးစိုးကလည်း “စီးပွားရေးဆိုင်ရာ တွက်ခြေကိုက်မှု စိစစ်ချက်” ဆိုသော စာတမ်းတစောင်ကို တင်သွင်းခဲ့ပြီး မြစ်ဆုံစီမံကိန်းမှ
အမေရိကန်ဒေါ်လာ ဘီလျံချီ အမြတ်ရမည်ဟု ဆိုသည်။

“စီမံကိန်းကြောင့် အကျိုးဖြစ်ထွန်းမှုကို ကြည့်ရင် မြန်မာဘက်က အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၇. ၆၇ ရမယ်။ တရုတ်ဘက်က အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၁၁.၆၇ ရမယ်။ နှစ်ဘက် အကျိုးဖြစ်ထွန်းမှုကို နှိုင်းယှဉ်တဲ့ အခါမှာ မြန်မာဘက်က အမေရိကန်ဒေါ်လာ သန်းခြောက်ထောင်ကျော် အသာရတယ်” ဟု ဦးကြီးစိုးက ရှင်းပြသည်။

စက်မှု ၁ နှင့် စက်မှု ၂ ၀န်ကြီး ဦးစိုးသိန်း၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီး ဦးဝင်းထွန်းတို့ကမူ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်ပြီး ပြန်လည် စဉ်းစားသုံးသပ်ကာ ပြည်သူ့သဘောထားကို လိုက်နာမည်ဟု ပြောဆိုသွားသည်။

“တိုင်ပင်ခြင်း မရှိတဲ့ စီမံကိန်းက ပျက်စီးတတ်တယ်။ များများတိုင်ပင်ရင် အောင်မြင်နိုင်တယ်။ အားလုံးဝိုင်းဝန်း တိုင်ပင် ဆွေးနွေးနိုင်မှ အကျိုးများများရမယ်” ဟု ဦးစိုးသိန်းက ပြောသည်။

နေပြည်တော်တွင် စက်တင်ဘာ ၁၇ ရက်နေ့က ကျင်းပသည့် ဧရာဝတီမြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ၌ ဝန်ကြီး ဦးစိုးသိန်းက နိုင်ငံတော်သမ္မတရုံးမှ ထောက်ခံသော ကြေညာချက်တရပ် ထုတ်ပြန်လိုက်ရာ အဆိုပါ ကြေညာချက်တွင် မြစ်ဆုံစီမံကိန်းအား ပြန်လည် စိစစ်သင့်ကြောင်း ပါရှိသည်။

ရာထူး အာဏာများသည် တခဏတာမျှသာ ဖြစ်ပြီး ပြည်သူလူထု ထာဝရတည်တံ့ရေးနှင့် မြစ်ဆုံစီမံကိန်းကြောင့် စည်းလုံး ညီညွတ်မှု မပြိုကွဲရေး အလေးထားသင့်ကြောင်း၊ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ပြန်လည် စိစစ်သွားမည်ဖြစ်ကြောင်း၊ ဆည်ဆောက်ခြင်းသည် နောက်နောင် ပြင်ဆင်ရန်ခက်ခဲသော ကိစ္စဖြစ်သည်ကို နားလည်ကြောင်း ၎င်းက အကြံပြု ပြောသည်။

“Environmental Impact Access (EIA)၊ Social Impact Access (SIA) တွေကို ပြန် Review လုပ်သင့်ပါ တယ်။ ပြီးရင်ချပြ၊ ပွင့်ပွင့်လင်းလင်းပေါ့။ ပညာရှင်တွေ အပြုသဘောနဲ့ အမျိုးသား အကျိုးစီးပွားအတွက် ဝေဖန်သုံးသပ်သင့်တယ်” ဟု ဦးစိုးသိန်းက ဆိုသည်။

သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီး ဦးဝင်းထွန်းကလည်း သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဥပဒေ ထွက်ရှိနိုင်စေရန် ဆောင်ရွက်နေပြီး မြစ်ဆုံဆည်ကြောင့် သဘာဝ ပတ်ဝန်းကျင်အတွက် ဆိုးကျိုးရှိ၊ မရှိ ပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း ပြောသည်။

“သစ်တောက တာဝန်ရှိလို့ မှန်မှန်ကန်ကန် ဆောင်ရွက်မယ်။ ဒီစီမံကိန်းက နိုင်ငံတော်စီမံကိန်းဖြစ်လို့ မပြည့်စုံတဲ့ ဗဟုသုတတွေနဲ့ ဝေဖန်ဖို့ထက် သေသေချာချာ စိစစ်လေ့လာပြီးမှ ပြောမယ်။ လေ့လာပြီးမှ အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း လုပ်မယ်။ ဘာကိုမှ မငဲ့ညှာဘူး။ မျက်နှာလိုက်တာ၊ အခွင့်ရေးပေးတာ မလုပ်ဘဲ ဆောင်ရွက်သွားမယ်” ဟု
ဦးဝင်းထွန်းက ဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက လွှတ်တော်တွင်း မြစ်ဆုံစီမံကိန်း ဆက်လုပ်သင့်၊ မလုပ်သင့် မဲခွဲဆုံးဖြတ်မှုများ ဖြစ်ပေါ်လာနိုင်သော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) နှင့် စစ်တပ် ကိုယ်စားလှယ်များက မြစ်ဆုံစီမံကိန်း တည်ဆောက်ရန် ထောက်ခံခဲ့လျှင် ပြည်သူနှင့် အစိုးရအကြား သေချာပေါက် တင်းမာမှုများ ဖြစ်ပေါ်လာမည်ဟု ထင်မြင်ချက်ပေးသည်။

ဧရာဝတီမြစ်ကြီး ပျက်စီးသွားနိုင်သောကြောင့် မြစ်ဆုံစီမံကိန်းကိစ္စ ပြန်လည်သုံးသပ်စဉ်းစားရန် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူလူထု အလွှာသီးသီးက အစိုးရကို တောင်းဆိုလျက်ရှိသည်။


(မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန် ခင်ဗျား မြစ်ဆုံ ဆည်တည်ဆောက်ရေး အတွက် ပြန်လည် သုံးသပ် ပြီး အများပြည်သူ သဘောထားကို လေးစားလိုက်သင့်ကြောင်းနဲ့ ပြည်သူတွေရဲ့ အခက်အခဲ တွေကို မကျန်ထားသင့်ပါ ခင်ဗျား)


                                                                                                           ပန်းတိုင်

Saturday, September 3, 2011

<

ခွပ်ဒေါင်း သည် ထာဝရ ရှင်သန်နေမည်လား ဒါမှ မဟုတ် ဗိုလ်ချုပ်အောင်းဆန်းသည် ဆက်လက်ရှင်သန်နေမည်လား


ပန်းတိုင်

ရန်ကုန်တိုင်း လယ်မြေများ ရေလွှမ်းမှုပေါ် အစိုးရ၏လုပ်ဆောင်မှု


ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် အပိုင်က ကျေးရွာ အုပ်စုတွေမှာ မိုးကြီးပြီး လယ်တွေ ရေမြုပ်နေပါတယ်။
အဲဒီဒေသမှာ ခါးလောက်၊ ရင်လောက် အထိ ရောက်အောင် ရေတွေ မြုပ်ခဲ့ပြီး လယ်မြေ ဧက ၄၀၀ကျော်လောက် ရေမြုပ်ကုန် တယ်လို့ ဒေသခံ လယ်သူမကြီးက ဘီဘီစီကို ပြောပါတယ်။
ရွာပိုင်းက အိမ်ခြေတချို့ ရေမြုပ်ကုန်တဲ့အတွက် ရွာသူ ရွာသား တချို့ တာရိုးပေါ် တက်ပြီး ဖြစ်သလို နေနေကြရတယ်လို့လည်း ပြောပြပါတယ်။
မြို့နယ် အုပ်ချုပ်ရေးမှူး ညွှန်ကြားချက်အရ မြေတူးစက်တွေနဲ့ မြေတူးနေပေမဲ့ ရေပြန်မကျဘူးလို့လည်း သိရပါတယ်။
တခါ ခရမ်း၊ သုံးခွဘက်မှာလည်း ရေကျသွားပေမဲ့ လယ်မြေ အပျက်အစီးတွေ များခဲ့ပြီး ပဲခူးတိုင်း ကဝမြို့နယ်မှာလည်း လယ်ဧက တစ်သောင်းကျော် ပျက်စီးခဲ့တယ်လို့ လယ်သမားကြီး ဦးသန်းဆွေက ဘီဘီစီကို ပြောပါတယ်။
အခုလို ဆုံးရှုံးမှုကြောင့် မျိုးစပါး မရှိ ဖြစ်နေပြီး ရေပြန်ကျရင်တောင် နှုံးမြေတွေ တင်ကျန်ခဲ့မှာမို့ စပါးစိုက်လို့ ရမရ ဆိုတာ မသေချာဘူးလို့လည်း ပြောပါတယ်။
ငွေကြေး ဆုံးရှုံးထားတဲ့အတွက် လယ်သမားကြီးတွေမှာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။
လယ်သမားကြီးတွေ အတွက် မြို့နယ် စိုက်ပျိုးရေး ဘဏ်နဲ့ ကြံ့ခိုင်ရေး ပါတီက ငွေထုတ်ချေးဖို့ ပြင်နေတယ်လို့လည်း လယ်သမားကြီးတွေက ပြောတယ္။

ပန်းတိုင်


နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ် ပြန်ဖမ်း ပြုလုပ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူမှု အထောက်အကူပြု အဖွဲ့ဝင်တွေ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား ကိုစိန်လှိုင်၊ ကိုရွှေဂျိုးနဲ့ မချိုတို့ ၃ ယောက်ဟာ နယ်ထောင် အသီးသီး ကနေ ထောင်ဒဏ် နှစ်စေ့ပြီး ဒီနေ့ ပြန်လွတ်လာ ကြပါတယ်။
Photo: RFA
၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ချိတ်ဆွဲခဲ့သည့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပိုစတာ ဖြစ်ပါသည်။
ကိုစိန်လှိုင်က မြစ်ကြီးနားထောင်၊ ကိုရွှေဂျိုးက ဗန်းမော်ထောင်နဲ့ မချိုက ကသာထောင် ကနေ ပြန်လွတ် လာကြတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုစိန်လှိုင်ကို RFA က ဆက်သွယ် မေးကြည့်တဲ့ အခါ အခုလို ပြောပါတယ်။ “ဖမ်းသွားတာက ၆ ရက် ၃ လ ၂၀၀၉ ရဲက တရားစွဲ တင်တဲ့အခါ အဲဒီရက်ကို မပေးဘူး။ ၆ လ လောက် ကွာနေတယ်။ ၃ ယောက်လုံး ချုပ်ရက် မရှိဘူး ဖြစ်နေတယ်။ အခု ၂ နှစ် ခြောက်လ နဲ့ လွှတ်လာတယ်” ကိုစိန်လှိုင်တို့ဟာ နိုင်ငံရေး အကျဉ်းသား ကူညီ စောင့်ရှောက်ရေးတွေ ဆောင်ရွက် နေကြရင်း သူတို့ကို ပြည်ပရောက် အင်အားစုတွေက ငွေထောက်ပံ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ၂၀၀၉ ခုနှစ်မှာ စစ်အစိုးရ က ထောင်ဒဏ် ၃ နှစ် အသီးသီး ချမှတ် လိုက်ပြီး၊ အင်းစိန်ထောင် ကနေ နယ်ထောင်တွေကို ပို့လိုက်တာပါ။ ပြီးခဲ့တဲ့ မေလမှာ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်က အကျဉ်းသား အားလုံးကို ပြစ်ဒဏ် ၁ နှစ်စီ လျှော့ပေးတုန်းက ကိုစိန်လှိုင်တို့ ၃ ဦး ခံစားခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် ထောင်ဒဏ် ၃ နှစ်မှာ ၁ နှစ်လျော့သွားလို့ ပြစ်ဒဏ် ၂ နှစ်ပဲ ကျခံရမှာ ဖြစ်ပေမယ့် ကိုစိန်လှိုင်တို့က ၂ နှစ်နဲ့ ၆ လစီ နေခဲ့ရတာ လို့သိရပါတယ်။ ဒီအတောအတွင်းမှာပဲ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ပိုစတာ ကပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး ထားတဲ့ ကိုဝေဖြိုးနဲ့ ကိုဇာနည်ထွန်း တို့ ၂ ဦးကို မနေ့က ပြည် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ပြည်ထောင်ကို ပြောင်းရွှေ့ လိုက်ကြောင်း သတင်းရရှိ ပါတယ်။ ကိုဝေဖြိုးနဲ့ ကိုဇာနည်ထွန်း တို့ကို ပုံနှိပ်ဥပဒေ၊ လိုင်စင်မဲ့ဆိုင်ကယ် စတဲ့ ပုဒ်မတွေနဲ့ ရဲက ပုဒ်မတပ်ပြီး ယမန်ယူ ခဲ့တယ်လို့ သိရပါတယ်။ ဒီအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ပြည်မြို့ က လူ့အခွင့်အရေး ရှေ့နေ ဦးမြင့်အေးက အခုလိုပြောပါတယ်။ “ရုံးမှာက ဥပဒေ တမျိုး မနေ့က တင်တော့ ပုံနှိပ်ထုတ်ဝေမှုနဲ့ တင်တယ်။ သဲကုန်းမြို့မှာက လိုင်စင်မရှိဘဲ ဆိုင်ကယ် ပိုင်ဆိုင်မှုပေါ့ ထုတ်ကုန် သွင်းကုန် ဥပဒေနဲ့ ထောင်ဒဏ်က ၇ နှစ် ရှိတယ်။ ဝေဖြိုးနဲ့ ဇာနည်ထွန်းတို့ဟာ အဲဒီ ဥပဒေတွေနဲ့ ရင်ဆိုင်နေရတယ်။ မနေ့က ရုံးမှာတွေ့တော့ အနှိပ်စက် ခံရတယ်လို့ ကျနော့်ကို ပြောတယ်။ ၄၈ နာရီလုံးလုံး ထမင်းမကျွေးဘဲ ဒူးထောက်ခိုင်း ထားတယ်လို့ ကျနော့်ကို ပြောတယ်” ကိုဝေဖြိုးနဲ့ ကိုဇာနည်ထွန်းတို့ကို Generation Wave အဖွဲ့နဲ့ ပတ်သက် သလားလို့ မေးမြန်းပြီး အင်းမရဲစခန်းနဲ့ ပြည်အမှတ် ၂ ရဲစခန်းတွေမှာ ညှင်းပန်း နှိပ်စက်တာ ရှိခဲ့တယ်လို့ ရှေ့နေ ဦးမြင့်အေးက ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ကုန်ပိုင်းက ပြည်မြို့ ရွှေဘုန်းပွင့် ဘုရားအနီး နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ ပိုစတာ ကပ်ခဲ့တယ်လို့ စွပ်စွဲပီး သူတိုကို ဖမ်းထားတာ ဖြစ်ကြောင်း သိရပါတယ်။ သူတို့  နှစ်ဦးကတော့ ဒီစွပ်စွဲချက်ဟာ မမှန်ကန်ကြောင်း ငြင်းဆိုထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ကုန်ပိုင်းက သူတို့နှစ်ဦး ဆိုင်ကယ်နဲ့ ခရီးသွားနေစဉ် အင်းမ ရဲစခန်းက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ကိုဝေဖြိုးက အုပ်ဖိုမြို့က ဖြစ်ပြီး ကိုဇာနည်ထွန်းက ပြည်မြို့က ဖြစ်တယ်လို့ သိရပါတယ်။(မြန်မာ နိုင်ငံမှာ အစိုးရ သစ်ပြောင်းပြီး ဒီမိုကရေစီ သမ္မတ ဦးသိန်းစိန် အစိုးရက ယခင်က စစ်အစိုးရလိုပဲ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ဖို့ အရေး ကို ပြန်လှန်စဉ်းစားသင့်)                                                                                   ပန်းတိုင်