၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်ဆန်ကျင်ကြ.... ဒီမိုကရေစီအရေးတိုက်ပွဲဝင်ကြ... ဒီမိုကရေစီ အာဏာရှင်ကို တိုက်ဖျက်ကြ...

Thursday, October 20, 2011

အာဆီယံဥက္ကဋ္ဌရာထူး အလောသုံးဆယ် မဆုံးဖြတ်ရန် AIPMC တိုက်တွန်း

မြန်မာအစိုးရက စစ်မှန်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သည့်အချိန်မှ အာဆီယံအဖွဲ့ ဥက္ကဋ္ဌတာဝန် ပေးအပ်ရေးကိစ္စကို ဆုံးဖြတ်ရန် မြန်မာ့အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (AIPMC) က လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံကို အင်္ဂါနေ့တွင် တောင်းဆိုလိုက်သည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Marty Natalegawa (ဓာတ်ပုံ - AP)
လာမည့်လ အင်ဒိုနီးရှားတွင် ကျင်းပမည့် အာဆီယံညီလာခံတွင် တက်ရောက်လာသူများက မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် ပေးအပ်ရေးကို ထောက်ခံဆွေးနွေးဖွယ်ရှိသည်ဟု အကဲခတ် အများအပြားက သုံးသပ်နေကြသည်။
အစိုးရက နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အဓိပ္ပာယ်ရှိသော ဆွေးနွေးပွဲများ ပြုလုပ်ခြင်းကဲ့သို့သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သည့်အချိန်မှ  အာဆီယံ ခေါင်းဆောင်များက မြန်မာ့အရေးကို ဆုံးဖြတ်သင့်သည်ဟု AIPMC အဖွဲ့ ညွှန်ကြားရေးမှူး Ms. Agung Putri က ဗုဒ္ဓဟူးနေ့တွင် ပြောလိုက်သည်။
ယခုလကုန်ပိုင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr. Marty Natalegawa ၏ မြန်မာပြည်ခရီးစဉ်အတွင်း တိုင်းရင်းသားခေါင်းဆောင်တို့နှင့်လည်း တွေ့ဆုံ ညှိနှိုင်းသင့်သည်ဟု Ms. Agung Putri က ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံအတွင်း မကြာသေးခင်က ပေါ်ပေါက်လာသော ဖြစ်ထွန်းတိုးတက်မှုများကိုလည်း Ms. Agung Putri က အသိအမှတ်ပြုလိုက်သည်။
“ဒါပေမယ့် မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် ပေးအပ်ဖို့ လုံလောက်တဲ့ ဖြစ်ထွန်းမှုတွေတော့ မဟုတ်သေးဘူး”  ဟု Ms. Agung Putri က ပြောသည်။
မြန်မာအစိုးရက အစိုးရအဖွဲ့ ဖွဲ့စည်းပြီး တလအကြာတွင် အလှည့်ကျဥက္ကဋ္ဌတာဝန်ယူရေးကို စတင် ပြောဆိုခြင်းဖြစ်သည်။ ထိုတာဝန်ယူရေးကို မေလ အာဆီယံညီလာခံတွင် တရားဝင် တောင်းဆိုခဲ့သည်။
“မြန်မာပြည်က ၂၀၁၄ အတွက် အလှည့်ကျဥက္ကဋ္ဌဖြစ်ရေး ဆိုတာကို ကျမတို့ မကန့်ကွက်ပါဘူး၊ မကန့်ကွက်ဘူး ဆိုပေမယ့် လာမယ့်လ ညီလာခံမှာ ဆုံးဖြတ်ချက်ချဖို့က စောလွန်းပါသေးတယ်” ဟု Ms. Agung Putri က ပြောသည်။
“နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာ တခုတည်းနဲ့တော့ ဒီမိုကရေစီရေး အပြောင်းအလဲ လုပ်နေတယ်လို့ မပြောနိုင်ဘူး၊ တိုင်းရင်းသားအဖွဲ့တွေ၊ အတိုက်အခံအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုပါသေးတယ်။ အဲဒါကို အရင်လုပ်ရမှာပါ။ အဲဒါကို ပထမဦးစားပေးရမှာပါ။  Mr.Natalegawa က သူ့ရဲ့ လုပ်ပိုင်ခွင့်ကိုသုံးပြီး မြန်မာပြည်ဒီမိုကရေစီအရေး အပြောင်းအလဲကို ကူညီပေးမယ်လို့ ကျမတို့ အများကြီး မျှော်လင့်ပါတယ်။ အဲဒီလို လုပ်နိုင်ရင်တော့ အာဆီယံအသင်းကြီးအတွက် တကယ့် အောင်မြင်မှုကြီးဖြစ်လာမှာပါ” ဟု  Ms. Agung Putri က ပြောသည်။
အင်ဒိုနီးရှားဝန်ကြီး၏ မြန်မာပြည်ခရီးမတိုင်မီ ဂျကာတာတွင် ပြုလုပ်သော AIPMC ၏ အင်္ဂါနေ့ အစည်းအဝေးတွင် အနာဂတ်ကာလ မြန်မာပြည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ပေါ်ပေါက်ရေး တွန်းအားပေးရန် အင်ဒိုနီးရှားက တာဝန်ယူသင့်ကြောင်း တိုက်တွန်းခဲ့သည်။
မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်က အာဆီယံ ဥက္ကဋ္ဌနေရာအတွက် အလှည့်ကျခဲ့သော်လည်း အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန် ဦးဆောင်သော နိုင်ငံတကာဖိအားပေးမှုကြောင့် တာဝန်ယူနိုင်ခဲ့ခြင်း မရှိပေ။ ထိုစဉ်က မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း၊ ဒီမိုကရေစီဖော်ဆောင်ရေး နှေးကွေးမှုတို့ကြောင့် ထိုသို့ ဖိအားပေးခဲ့ကြခြင်း ဖြစ်သည်။
တနင်္လာနေ့တွင် အမေရိကန်အစိုးရ၏ မြန်မာပြည်ဆိုင်ရာအထူးကိုယ်စားလှယ် Mr. Derek Mitchell က  မြန်မာပြည်နှင့် ပတ်သက်ပြီး ဝေဖန် ပြောကြားရာတွင် အစိုးရက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးနေခြင်းကဲ့သို့သော ဆက်ဆံရေးမျိုးကို တိုင်းရင်းသားတို့နှင့် မတည်ထောင်နိုင်သေးကြောင်း ထောက်ပြထားသည်။
Mr. Derek Mitchell က  ပြောဆိုရာတွင် မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးစုဒေသမှ ကလေးများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းအပါအ၀င် လူ့အခွင့်အရေးချိုးဖောက်မှု စသည့်အကြောင်းများလည်း ပါဝင်သည်။
နယူးယောက်အခြေစိုက် Human Rights Watch (HRW) လူ့အခွင့်အရေးအဖွဲ့ကြီးက အင်္ဂါနေ့တွင် ကြေညာချက်တစောင် ထုတ်ပြန်ရာ ဇွန်လမှစတင်ပြီး ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်နေသည့် အစိုးရစစ်တပ်က ဒေသခံအရပ်သားများကို အကြီးအကျယ် အနိုင်ကျင့်နှိပ်စက်နေသည်ဟု ဖော်ပြထားသည်။
အင်ဒိုနီးရှားဝန်ကြီး၏ ယခုလကုန်ပိုင်း မြန်မာပြည်ခရီးစဉ်အတွင်း အစိုးရ ခေါင်းဆောင်များ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံရန် စီစဉ်နေသည်ဟု ရန်ကုန်မြို့ အင်ဒိုနီးရှားသံရုံး အတွင်းဝန် Mr. Djumara Supriyadi က ဧရာဝတီကို ပြောသည်။
“မြန်မာပြည် အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်ရေးနဲ့ ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေ စကားပြောဆိုကြတဲ့အခါ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးရဲ့ အမြင်တွေက အရေးပါပါလိမ့်မယ်” ဟု  Mr. Djumara Supriyadi က ပြောသည်။
အင်ဒိုနီးရှားဝန်ကြီးသည် ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့အပြင် ဒီမိုကရေစီရေး လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဟု  Mr. Djumara Supriyadi က ပြောသည်။

                                                                                                 ပန်းတိုင်
 

No comments:

Post a Comment