၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်ဆန်ကျင်ကြ.... ဒီမိုကရေစီအရေးတိုက်ပွဲဝင်ကြ... ဒီမိုကရေစီ အာဏာရှင်ကို တိုက်ဖျက်ကြ...

Wednesday, August 31, 2011

မြန်မာနိုင်ငံပေါ်မစ္စတာကင်တားနားရဲ့အမြင်

 မြန်မာအစိုးရဟာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအပေါ် နှိပ်ကွပ်ရာမှာ ဥပဒေ ကန့်သတ်ချက်တွေ သတ်မှတ် ပြဋ္ဌာန်းပြီး အရေးယူနေသလို ဥပဒေကို လက်တွေ့ ကျင့်သုံးရာမှာလည်း တရားနည်းလမ်း မကျတဲ့အတွက် မြန်မာ့ လူ့အခွင့်အရေး အခြေအနေဟာ စိုးရိမ်စရာ ကောင်းနေဆဲပဲလို့ မြန်မာနိုင်ငံကို မကြာခင်က လာရောက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ မစ္စတာ ကင်တားနား မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာခဲ့ပြီး နောက်တရက် သြဂုတ်လ ၂၆ ရက်နေ့မှာ အင်းစိန် အကျဉ်းထောင် အထူးတရားရုံးက အီလက်ထရောနစ် အက်ဥပဒေနဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပြီး နောက်ပိုင်း မစ္စတာ ကင်တားနားက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံကို ၅ ရက်ကြာ သွားရောက်ခဲ့တဲ့ မစ္စတာ ကင်တားနားက မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေဟာ ပြုပြင်ပြောင်းလဲဖို့အတွက် အခွင့်အလမ်းတွေ ရှိနေပေမဲ့ အခုထိ အဓိပ္ပာယ်ရှိတဲ့ ပြောင်းလဲမှုတွေ မတွေ့ရသေးဘူးလို့ ပြောပါတယ်။ မစ္စတာ ကင်တားနား မြန်မာနိုင်ငံက ထွက်ခွာခဲ့ပြီးတဲ့ နောက်တနေ့မှာပဲ အစိုးရ ဝေဖန်ရေး ဆောင်းပါးတွေကို အင်တာနက်မှာ ဒေါင်းလုပ် (Download) လုပ်ခဲ့တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အင်းစိန် ထောင်တွင်း အထူးတရားရုံးမှာ အီလက်ထရောနစ် ဥပဒေနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာမို့ ဒါဟာ မြန်မာအစိုးရက တရားဥပဒေကို လိုရာစွဲသုံးပြီး လူ့အခွင့်အရေး ချိုးဖောက်နေတယ်လို့ ပြောပါတယ်။
“အဲဒီ ဗိုလ်ကြီးရဲ့ အမှုကို အင်းစိန်ထောင်ထဲမှာ စစ်ဆေးပြီးတော့ ပြစ်ဒဏ် ချမှတ်လိုက်တဲ့ အကြောင်းကို သိရပါတယ်။ ဒီပြဿနာက မြန်မာနိုင်ငံထဲမှာ စနစ်တကျ ချိုးဖောက်နေတဲ့ လူ့အခွင့်အရေး ပြဿနာ တခုပါ။ တရားဥပဒေ ဖော်ဆောင်ရာမှာ နည်းလမ်းတကျ မရှိဘူး ဆိုတာကို တဘက်က တွေ့ရသလို နောက်တဘက်မှာလည်း မြန်မာအစိုးရဟာ လူတွေကို ဖိနှိပ် အရေးယူနိုင်ဖို့ တရားဥပဒေဆိုင်ရာ စည်းမျဉ်း ကန့်သတ်ချက်တွေ ပြဋ္ဌာန်းပြီး အရေးယူနေတာ တွေ့ရပါတယ်။”
ဗိုလ်ကြီးဟောင်း နေမျိုးဇင်လို နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ရုံတင် မကဘဲ နယ်ဝေး အကျဉ်းထောင်တွေကို ပို့နေတာမျိုးတွေ ရှိနေသလို အင်းစိန်ထောင်မှာ သူသွားရောက်ပြီး တွေ့ဆုံခွင့် ရခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက တချို့ဟာ နိုင်ငံရေးမှာ ကိုယ်တိုင်ပါဝင် လှုပ်ရှားတာမျိုး မဟုတ်ဘဲ မိဘ၊ ဆွေမျိုးတွေရဲ့ လှုပ်ရှားမှုတွေကြောင့် အကျဉ်းကျနေတာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
ဒါတွေကို ဒီနှစ်ကုန်လောက်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အစီရင်ခံစာ တင်သွင်းမှာ ဖြစ်တဲ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ လူ့အခွင့်အရေး ကောင်စီကိုပါ တင်ပြဖို့ ရှိတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖို့ မစ္စတာ ကင်တားနား အကြံပေးခဲ့တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ဖြေရှင်းဖို့အတွက် ပထမဆုံး လုပ်ဆောင်ရမယ့် ခြေလှမ်းဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော့်အတွက် အရေးကြီးတာက တရားဥပဒေ စိုးမိုးရေးနဲ့ တာဝန်ခံမှု အပိုင်းပါပဲ။ ဆိုလိုတာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေးဖို့ပါ။ ဒါက မြန်မာနိုင်ငံ အပါအ၀င် ဘယ်နိုင်ငံမှာမဆို လုပ်ဆောင်ရမယ့် နိုင်ငံတကာရဲ့ တာဝန်ပါ။ သက်ဆိုင်ရာ အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဒီအချက်ကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေမှာ ဆွေးနွေးကြရမှာပါ။ ကျနော့်အနေနဲ့ မြန်မာအစိုးရကို ဒီကိစ္စ တင်ပြခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဆွေးနွေးခဲ့ပါတယ်။”
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းရာမှာ နှစ်ပေါင်းများစွာ နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေးဟာ အရေးပါတယ်လို့ မစ္စတာ ကင်တားနားက မြင်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း နှစ်ပေါင်းများစွာပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခံခဲ့ရသူပါ။ ဒါကြောင့်လည်း ကျနော့်အနေနဲ့ ဆွေးနွေးနိုင်ဖို့က အရေးကြီးတာပါ။ သူဟာ နိုင်ငံရေး အကျဉ်းသား တယောက်ရဲ့ ဘ၀ကို ရောက်ခဲ့သူဆိုတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ အကဲဖြတ်တဲ့ နေရာမှာ သူ့ရဲ့အမြင်ကို ကျနော်သိနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ သူနဲ့ တွေ့ဆုံခဲ့တဲ့ အချိန်မှာ ကျနော့်အတွက် အတော်လေး တန်ဖိုးရှိတဲ့ ရလဒ်ကို ရခဲ့ပါတယ်။”
မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံ ၅ ရက် ခရီးစဉ်အတွင်း နိုင်ငံရေး အကျဉ်းသားတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ တိုင်းရင်းသားနဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေအပြင် အစိုးရ တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ မြန်မာအစိုးရ အနေနဲ့ ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ သဘာပတိ တာဝန်ကို ယူနိုင်ဖို့အတွက် ကမ်းလှမ်းနေတာနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ထည့်သွင်း စဉ်းစားဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။
“အာဆီယံ ပဋိညာဉ်စာတမ်းအရ အသင်းကြီးကို ဖွဲ့စည်း တည်ထောင်ရာမှာ လူ့အခွင့်အရေး ထောက်ခံ အားပေးရေးနဲ့ ကာကွယ် စောင့်ရှောက်ရေးတွေ ပါဝင်ပါတယ်။ ဒါဟာ အာဆီယံရဲ့ အဓိက ဦးတည်ချက်ပါပဲ။ ဒါကြောင့် မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် လက်ခံရေး၊ လက်မခံရေး ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကို ထည့်သွင်း စဉ်းစားကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”
မြန်မာအစိုးရ အနေနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲတဲ့ ခြေလှမ်းတွေ လှမ်းနေတာ တွေ့ရတာမို့ ဒါဟာ လူ့အခွင့်အရေး အခြေအနေကို တိုးတက်လာစေမှာ ဖြစ်ပေမဲ့ တကယ့် လက်ဆုပ်လက်ကိုင် ပြနိုင်မယ့် အပြောင်းအလဲမျိုးကို မြန်မာအစိုးရဘက်ကနေ လုပ်ပြဖို့အတွက် လိုအပ်နေပြီလို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။ (မြန်မာနိုင်ငံ ကြီးဘယ်ချိန်ပြောင်းလဲ တိုးတက်လာမည်လော)


ဟသာင်္တမြို့နယ်ရေလယ်သောင်းကျွေးရွာအရှေ့စုကမ်းပါးပြိုကျမှု

  ယခုနှစ်အတွင်း မြန်မာနိုင်ငံ ဒေသအများစုတွင် မြေပြိုမှု ဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရကြောင်းနှင့် မြစ်ကြောင်းများတွင်လည်း မြစ်ကမ်းပါး ပြိုကျမှုများ ယခင်နှစ်များထက် ပိုမို ဖြစ်ပွားခဲ့ကြောင်း ဘူမိဗေဒ ပညာရှင်များထံမှ
သိရှိရသည်။
''အရင်တုန်းက မြန်မာနိုင်ငံမှာ မြေပြိုတာ သိပ်မရှိဘူး။ နောက်ပိုင်းမှာ မြေပြိုတာတွေ အဖြစ်များလာတယ်။ အဓိကက သစ်တော ပြုန်းတီးလာတာကြောင့် ဖြစ်ပါတယ်။ နောက်တစ်ချက်က မိုးများတာကြောင့်ပါ။ လက်ရှိ ဖြစ်နေတဲ့ မြေပြိုမှုတွေကတော့ မိုးများတာထက် သစ်တောပြုန်းတီးမှုကြောင့် မြေပြို၊ ကမ်းပါးပြိုတာတွေ ဖြစ်တာပါ''ဟု ဘူမိဗေဒ ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတုများ ပြောင်းလဲလာကြောင်း၊ အလားတူ မြန်မာနိုင်ငံတွင်လည်း ယင်းကဲ့သို့ ရာသီဥတု ပြောင်းလဲလာခြင်း၏ အကျိုးဆက်ကို ခံစားနေရကြောင်း၊ ယခုနှစ်ပိုင်း အတွင်း မိုးများခြင်း၊ အပူရှိန်များခြင်း စသည့် ရာသီဥတု ပြောင်းလဲလာခြင်းများသည် သစ်တောပြုန်းတီးမှုကြောင့် အဓိက ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။
''သစ်ပင်တွေရှိရင် ရွာချလိုက်တဲ့ မိုးက မြေပြင်ကို တိုက်ရိုက် မထိတော့ ရေတိုက်စားမှုကို သက်သာတယ်။သစ်ရွက်ကြွေတွေက မိုးရေကြောင့် မြေပြင်မှာ ရေတိုက်စား ခံရတာကိုလည်း လျော့နည်းစေတယ်လေ။ မြန်မာနိုင်ငံမှာ ရာသီဥတု ပြောင်းလဲလာတယ် ဆိုတာ သစ်တောပြုန်းတီးမှုတွေကြောင့်ပဲ။ တချို့ဒေသတွေမှာဆိုရင် ဒီနှစ် သွားတုန်းကသစ်ပင်တွေ ရှိပေမယ့် နောက်နှစ်လည်းသွားရော အဲဒီရွာဝန်းကျင်မှာ သစ်ပင်တွေ တစ်ပင်မှ မတွေ့ရတော့တဲ့ အထိ ကြုံခဲ့ရတယ်။ ဒါတွေကို အချိန်မီ တားဆီးဖို့လည်း လိုအပ်နေပါပြီ။ အရင်တုန်းက ငလျင်လှုပ်တာကိုပဲ စိုးရိမ်ရတဲ့ အနေအထားကနေ ခုနောက်ပိုင်းမှာ မြေပြိုကျတဲ့ အန္တရာယ်ကပါ သတိပြု နေထိုင်နေရတဲ့အထိ ဖြစ်လာပါတယ်''ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦးက ပြောပြခဲ့သည်။
''တကောင်းမှာ လှုပ်ခဲ့တဲ့ငလျင်ကြောင့် မြေပြိုတာတွေ ဖြစ်ခဲ့ဖူးတယ်။ ၂၀၀၃ ခုနှစ် တောင်တွင်းကြီး ငလျင်တုန်းကလည်း မြေပြိုတာတွေ ဖြစ်တယ်။ ၂၀၀၄ ခုနှစ်တုန်းကလည်း ကလေးဘက်မှာ မိုးတွေ အရမ်းရွာလို့ ကလေးဝ ကားလမ်းပေါ်မှာ မြေပြိုပြီး ကားလမ်းပိတ်တဲ့အထိ ရှိခဲ့တယ်။ ခုနောက်ပိုင်းဆိုရင် မြေပြိုလို့ လူအသေအပျောက်ပါ ရှိလာတယ်။ ၂၀၀၅ ခုနှစ် စက်တင်ဘာတုန်းကလည်း တနင်္သာရီဒေသက ပလောမှာ မြေပြိုလို့ လူ ၂၁ ဦး ဒဏ်ရာရခဲ့တယ်။ ၁၁ ယောက် သေတယ်။ ချင်းပြည်နယ်၊ ထန်တလန်မှာလည်း မြေပြိုလို့ လူရှစ်ဦး သေတယ်။ ၂၀၀၈ ခုနှစ် မိုးကုတ်မှာ မြေပြိုတုန်းကလည်း လူ ၁၁ ဦး အသေအပျောက် ရှိခဲ့တယ်။သံတောင်နဲ့ လားရှိုးမှာ မြေပြိုတုန်းကလည်း လူအသေအပျောက် ရှိခဲ့တယ်လို့ သိရတယ်။ ဒီနှစ်ထဲကျတော့ မိုးက လည်းများတော့ နေရာ တော်တော်များများမှာ မြေပြိုတဲ့ဖြစ်စဉ်တွေ များနေတယ်''ဟုလည်း ရန်ကုန်နည်းပညာ တက္ကသိုလ်၊ ဘူမိအင်ဂျင်နီယာဌာနမှ ဌာနမှူး၊ တွဲဖက်ပါမောက္ခ ဒေါက်တာကျော်ထွန်းက ပြောကြားခဲ့သည်။
အလားတူ မြစ်ကြောင်းများတွင် မြေပြိုကျမှုများနှင့် ပတ်သက်၍ ''မြစ်ကြောင်းတွေမှာ မြေပြိုတာတွေလည်း များလာတယ်။ မြေကျွံတာတွေလည်း ရှိတယ်။ ဧရာဝတီမြစ်မှာဆို မြစ်ကမ်းပါး ပြိုတာတွေ တော်တော် ဖြစ်တယ်။ မြစ်ကြောင်း တစ်လျှောက်မှာ ကမ်းပါးပြိုတာတွေက တစ်ဆင့် မြေပြိုတာတွေ ဖြစ်လာတာ။ တချို့နေရာတွေဆိုရင် ပြိုလွန်းအားကြီးတော့ မြစ်ကမ်းပါးကမြို့ဟာ မြစ်ရဲ့အနောက်ဘက်ခြမ်းကနေ အရှေ့ဘက်ခြမ်းကို ရောက်သွားတာ ရှိတယ်။ အဲဒါ လေးမျက်နှာမြို့ပဲ။ ဟင်္သာတတို့၊ ညောင်တုန်းတို့မှာ ဆိုရင်လည်း မြေပြိုတာတွေ ခဏခဏဖြစ်တယ်''ဟု ဒေါက်တာကျော်ထွန်းက ဆက်လက် ပြောကြားခဲ့သည်။
''ဒီနှစ် မိုးတွင်းကာလမှာ မိုးများလို့ တောင်ပေါ်ဒေသတွေမှာဆိုရင် မကြာခဏ တောင်ပြိုတာတွေ ဖြစ်လို့၊ ကားလမ်းတွေ ပိတ်နေတာ ရှိတယ်။ ရခိုင်ရိုးမလမ်းမှာလည်း ကားလမ်းပိတ်တာတွေ ရှိတယ်။ ကလေးဘက်မှာလည်း
တောင်ပြိုလို့ ကားလမ်းပိတ်တာတွေ ခဏခဏ ဖြစ်နေတယ်။ မြ၀တီဘက်မှာလည်း တောင်ပြိုလို့ ကားလမ်းတွေ ပိတ်ခဲ့ဖူးတယ်။ ငလျင်ကို ကြိုပြီး မခန့်မှန်းနိုင်ပေမယ့် မြေပြိုတာကိုတော့ ကြိုသိနိုင်သလို ကာကွယ်နိုင်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဘယ်လို အခြေအနေတွေ ကြုံလာရင် မြေပြိုတာတွေ ဖြစ်တော့မယ် စသဖြင့်ပေါ့ အသိပညာပေး လုပ်ငန်းတွေကို တောင်ပေါ်နဲ့ ကျေးလက်ဒေသတွေမှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ လိုလာပါပြီ။
မြစ်ကြောင်းတွေကိုလည်း ကမ်းပါးပြိုတာတွေ ကာကွယ်ဖို့ လိုနေပါပြီ''ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။


ဒါလေး ကတော့ ပြည်ပ ရောက်မြန်မာ ပြည်သူတွေရဲ့ ဒုက္ခအခက်အခဲတွေ ဖြစ်ပါတယ်။ ဒီအခြေအနေ ကို မြန်မာနိုင်ငံ သမ္မတသစ် အစိုးရ
က မြန်မာ ပြည်သူတွေကို ဘယ်လောက်ထိ တာဝန်ယူဖြေရှင်းမေးမှာလည်း။ကျတော် တို့နိုင်ငံက နောင်လာနောင်သား ညီငယ် ညီမငယ် တွေရဲ့ ပညာရေး အခြေအနေဖြစ်ပါတယ်။

Tuesday, August 30, 2011

မြန်မာပြည်က မရေရာတဲ့ ပန်းကလေးများရဲ့ ဘဝပုံရိပ်...



















လူမမယ် ကလေးများအရွယ်နဲ့မမျှအောင် လောက ကိုရင်ဆိုင်နေရသည်၊ဒီလိုကလေးငယ် က သူတို့ရဲ့ အခွင့်အရေး ဆိုတာသိဘို့သိပ်ကင်းဝေးနေပါတယ်.၊မြန်မာပြည်ကြီး ထဲမှာ ဒီလိုကလေးတွေ ဘယ်လောက်ရှိ နေပြီး လည်း မနေ့တနေ့ကလည်း မောင်ထိပ်ကွက် လေးရဲ့ အဖြစ်ဆိုးတဲ့ ပုံရိပ်တွေနဲ့ သူ့သတင်းတွေ သတင်းဌာနတွေ ဘလော့တွေမှာပေါ်လာခဲ့ပါတယ်.၊ ဒီကလေးတွေ လည်း မောင်ထိပ်ကွက် လေးလိုဘဲ ဘဝကို ရပ်တည်နေကြရမှာပါဘဲလား.၊၊
တိုင်းပြည်ရဲ့ အာဏာကိုယစ်မှူးနေတဲ့ အစိုးရ ကလည်းဘာမှ ဒီလိုကလေးအတွက် မကူညီပေးဘူး၊သူတို့အာဏာလက်ထဲရောက်ဘို့ အရေးသာ သူ့တို့ ကြိုးပမ်းနေခဲ့တယ်၊ဒီလိုကလေးတွေ ရဲ့ အနာဂတ်ကိုဘာမျှလုပ်ကိုင်ပေးခြင်းမရှိဘူး၊ငယ်ငယ်ရွယ်ရွယ်နဲ့ ကြုံရာ အလုပ်ကိုလုပ်နေရတာ သူ့တို့ ဝမ်းရေး အတွက် သူတို့အတွက်ကတော့ ထမင်းတလုပ် တုတ်တချက်လည်း ဖြစ်ချင်ဖြစ်မယ်၊ဒါမှမဟုတ် မိဘတွေရဲ့ဘဝကို စာနာနားလည်လို့ တဖက်တလမ်းက ဝမ်းရေးကို ကူညီ ဖြေရှင်း ပေးနေတာ လည်းဟုတ်နိုင်တယ်.၊ ဒီလောက်မြင့်တက် နေတဲ့ မြန်မာပြည်ရဲ့ကုန်ဈေးနှုန်းကြီး ကို ဘာလို့ အာဏာပိုင် တွေမဖြေရှင်းနိုင်တာလည်း ဆိုတာ အံ့သြစရာပါ၊ တိုင်းပြည်တစ်ခု မှာအရေးကြီးဆုံးတည်းမှာ စားဝတ် နေရေးဆိုတာ ပါတယ်၊ အာဏာရှင်ကြီးများ တိုင်ပြည်ကို သိပ်ကို တိုးတက်စေချင်တယ်ဆိုရင် ဒီလို အနာဂတ် မရေရာတဲ့ ကလေးများကို သေချာဂရုစိုက်သင့်ပါတယ်၊၊

မူလတန်းစာမတတ်သူမရှိစေရ ၊ပြောလိုက်ရတဲ့ အာဏာရှင်တွေရဲ့ လက်သုံးစကား၊နောက်တခု ဘာလဲ အခမဲ့မူလတန်း ပညာရေးစနစ်၊တော်တော် ရီစရာဟာသပျက်လုံးတွေ၊ ဒီလို ကလေးငယ် တွေ မေးကြည့် ကျောင်းတက်ချင် သလားလို့ ဘယ်ကလေးမှ မငြင်းဘူး ၊ ဒါပေမယ့် ကျောင်းနေယုံနဲ့ သူ့တို့လေးတွေရဲ့ စားဝတ်နေရေးက ဘယ်လိုလုပ်မလဲ၊ လို့ပြောပါလိမ့်မယ်၊ ဒီလို ကလေးလေးတွေ စာသင်ချိန်မှာ စာသင်ခန်းမှာ ရှိနေဘို့ တာဝန်ရှိတာ အုပ်ထိန်းသူ၊ ကလေးတွေရဲ့ အုပ်ထိန်းသူတွေ စားဝတ်နေရေး အဆင်ပြေအောင် လုပ်ပေးဘို့ တာဝန်ရှိတာ အာဏာရှင်ဘဲ.၊၊

အာဏာရှင်များက ပြည်သူတွေကို စာနာမှုမှမရှိတာ ၊သူတို့ အာဏာယစ်မှူးနေဘို့သာ သူတို့ရဲ့ ခေါင်းထဲမှာရှိနေတော့ ဘယ်လိုဘဲ လူတွေပြောင်းနေပြောင်းနေ နံမည်တွေပြောင်းနေပြောင်းနေ လုပ်ကိုင်နေပုံတွေ ကတော့ တူတူဘဲ ဆိုရင်တော့ကျမတို့ မြန်မာပြည်ကြီး ထဲမှာ အခုလို မရေရာတဲ့
ပန်းကလေး များ ရဲ့ အနာဂတ်များ ကတော့ ဝေဝါးနေဆဲ ပါဘဲရှင်..။

ဦးအောင်ဆန်း၏ နောက်ဆုံးနေ


ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ ၁၀ နာရီခွဲ မိုးလင်းကတည်းကပင် ကောင်းကင်သည် အုံ့မှိုင်း ညို့မှုန်လျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမှကြည်လင်စွာမမြင်ရ။ မိုးကို ကြည့်ရသည်မှာ မြူသန်းနေသော ပင်လယ်ပြင်ကြီးလို ၀ိုးဝိုးဝါးဝါး နေသည်။ မိုးသည် ကင်းကင်း လွတ်လွတ် စဲသည် ဟူ၍မရှိ၊ တဖွဲဖွဲ ဖွဲနေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက် နှင့်၊ နောက် စွေ၍ နေလေသည်။
ဒီကနေ့ အတွင်းဝန်များရုံးသို့ သွားစရာရှိသည်။ တိုင်းပြုပြည်ပြု လွှတ်တော် အထူးအရာရှိ ဦးသိန်းဟန် (ဇော်ဂျီ)က စနေနေ့ နေ့လည်တွင် ဆောင်းပါးလာယူရန် ချိန်းထားသည်။ ဗိုလ်ချုပ်၏ အပါးတော်မြဲ ဗိုလ်ထွန်းလှထံမှလည်း ခရီးသွားခြင်း ဆောင်းပါး ၀င်ယူရင်း ခဏတဖြုတ် စကားစမည် ပြောပြီးနောက် ဇော်ဂျီဆီသို့ သွားမည်ဟု စိတ်ကူးထားသည်။
၁၀ နာရီလောက်ကတည်းက အ၀တ်အစားလဲပြီး မိုးအတိတ်ကို စောင့်လျက်ရှိသည်။ မိုးကား မစဲနိုင်။ သို့နှင့် စားပွဲတွင်ထိုင်ကာ အပြီးမသတ်သေးသော ကဗျာတပုဒ်ကို စပ်ရင်း ၁၁ နာရီ ထိုးသွားလေပြီ။ မိုးကား မတိတ်သေးပေ။
နောက်ဆုံးတွင် မိုးစဲလိမ့်မည် မဟုတ်ဟု စိတ်ချလိုက်ပြီး အပေါ်အင်္ကျီ ၀တ်ကာ လမ်းမကြီးသို့ ထွက်ခဲ့သည်။ အဆင်သင့်တွေ့ သော ဒေါင်းတံဆိပ် တာမွေ ဘတ်စ်ကားကို တက်စီးလိုက်သည်။ ကားထဲတွင် ကြည့်မြင်တိုင်ဘက်မှ လိုက်ပါ လာမည် ထင်ရသော တောသား ယောက်နှင့် တရုတ်မ ဦးကိုတွေ့ရသည်။ ကား ပြတင်း တံခါးများမှာ ပိတ်ထားသည်။ ခရီးသည်တို့ကား တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။  အပြင်ဘက်တွင်ကား မိုးသည်ရွာလျက်ပင်။ ရွှံ့ဗွက်ချိုင့်ဝှမ်းတို့ဖြင့် ပြွမ်းသော ရန်ကုန် ကားလမ်းကား စိုစွတ်လှ သည်။
ကားသည် သိမ်ကြီးဈေးတွင် ခေတ္တရပ်ပြီး ဆက်လက်၍ တဟုန်တည်း မောင်းလာသည်။ ခရီးသည် အဆင်း အတက် သိပ် မရှိလှ။ သို့နှင့် စပတ်လမ်း (ယခု ဗိုလ်အောင်ကျော်လမ်း) ရောက်လျှင် ကျနော် ဆင်းလိုက်သည်။
ထို့နောက် ဒါလဟိုဇီ လမ်း(ယခု မဟာဗန္ဓုလ လမ်း)ဘက်မှ စပတ်လမ်းကို ဖြတ်ကူးလိုက်သည်။ လမ်းဘေးတွင် မော်တော်ကားများသည် ဟိုတစု သည်တစု ရပ်လျက်ရှိသည်။ ကားတချို့ကား သွားလာလျက်။
ထီးဆောင်းလျက်၊ မိုးကာဝတ်လျက် လူများသည် သွားကြလာကြနှင့် ရှုပ်ရှက်ခတ်နေသည်။
သူရိယတိုက်ရှေ့အ၀င် တံခါးမပေါက်ကြီးတွင်ကား လူများသည် အတွင်းသိုမျှော်လိုက်။ စကားပြောလိုက်နှင့် နေကြ သည်ကိုတွေ့မြင်ရ သည်။ ကျနော်ကား ရုံးဆင်းချိန်မို့ လူတွေရှုပ်နေတာ ထင်ပါရဲ့ ဟုသာ သာမန် အောက်မေ့ မိသည်။
ကျနော်သည် အင်မတန်အရိပ်ခြေကို မသိတတ်၊ မမြင်တတ်သူ ဖြစ်ချေသည်။ ခါတိုင်းကဲ့သို့ပင် ရဲရဲတင်းတင်း တံခါး ပေါက်မှ အတွင်းသို့ ၀င်သွားသည်။ လမ်းကူး တွင်ကားလက်နက်ကိုင် စစ်သားများ စောင့်ကျပ်လျက် ရှိသည်ကို တွေ့ရသည်။ ခါတိုင်းလည်း စောင့်နေကျပဲဟု ထင်လိုက်မိသည်။ ကျနော်သည် အတွင်းဝန်ရုံးကို သွားခဲလှပေသည်။
ညှိုးလျော်သော မျက်နှာနှင့် လုံချည် အပြာ ၀တ်ထားသော စာရေးမ နှစ်ဦးသည် သုတ်သုတ် သုတ်သုတ်နှင့် ရုံးထဲမှ ထွက်လာသည်။ သို့နှင့် အလယ်ဆင်ဝင်အောက် ကားဆိုက်သည့်နေရာသို့ ရောက်လာသည်။ ခါတိုင်းလို ရုံးစေများ ချာပရာစီများ ရပ်ပြုနေသည်ကို အလျင်းမတွေ့ရ၊ တိတ်ဆိတ် ငြိမ်သက်၍ နေသည်။
ဗိုလ်ထွန်းလှ အခန်းသို့တက်ရန် လှေကားထစ် တထစ် နှစ်ထစ် တက်မိပြီးမှ တိတ်ဆိတ်ငြိမ်ချက်သား ကောင်းလှသည်ကို စိတ်ထင့် သွား၍ ဗိုလ်ထွန်းလှ ခေတ္တရုံးဆင်းချိန် လက်ဖက်ရည်သောက် သွားနေလိမ့်မည်ဟုတွေးကာ မတက်တော့ဘဲ ဆင်ဝင်အောက်မှ ဖြတ်သန်းကာ တဘက်ရှိ တိုင်းပြုပြည်ပြု လွှတ်တော်ရုံးခန်းသို့ လာခဲ့လေသည်။ ဇော်ဂျီထံသို့ အပြန်ကျမှပဲ ၀င်တော့မည်လေ၊
လွှတ်တော်ရုံး ၀င်ဝင်ခြင်း သခင်နု၏ ရုံးခန်းတံခါးမှာ ပိတ်ထားသည်ကို တွေ့ရသည်။ သက္ကလပ်ခန်းဆီး အစိမ်းပုတ် ကြီးမှာလည်း  ဆွဲပိတ်၍ထားသည်။ သခင်နု၏ ရုံးခန်းကို ကျော်၍ ဇော်ဂျီ၏ အခန်းသို့ ရောက်လေပြီ။ သူ့အခန်းမှာလည်း တံခါး ပိတ်ထားပြီး ခန်းဆီး အစိမ်းပုပ်ကြီးလည်း ဆွဲ၍ထားသည်။ ရုံးစေ နှစ်ယောက်မှာ နံရံကိုမှီကာရပ်နေကြသည်။ ခါတိုင်းလို စကားပြောမနေကြ။ သူတို့သည် ငေးမှိုင်တွေဝေ၍ တမျိုးကြီး ဖြစ်နေသည်ဟု အောက်မေ့လိုက်သည်။
ကျနော်က ငိုင်တိုင်တိုင်နေသော ရုံးစေတဦးအား ဦးသိန်းဟန်ရှိသလားဟုမေးသည်။ ရှိပါတယ်ခင်ဗျဟု ခပ်တိုးတိုး သာသာ အေးအေးဖြေသည်။ သည်တော့မှ မျက်နှာပျက် နေကြောင်း အသေအချာ သိလိုက်တော့သည်။ စိတ်ထဲတွင်ကား မရှင်း။
တံခါးစေ့ထားသဖြင့် အတွင်းသို့ ရုတ်တရက် မ၀င်ဝံ့သေးဘဲ တံခါးဝတွင် ရပ်ကာ ရုံးစေဘက်သို့ တဖန်လှည့်၍ ‘‘အထဲမှာ အစည်းအဝေး လုပ်နေသလား’’ ဟု မေးရသည်။
ရုံးစေသည် ဘာမှမပြောဘဲ အသာတယာ စေ့ထားသော တံခါးကို ဖွင့်ပေးသည်။ လှမ်းကြည့်လိုက်ရာ သူ၏စားပွဲတွင် ထိုင်နေသော ဇော်ဂျီကိုတွေ့မှ ထီးကိုထောင်ပြီးအတွင်းသို့ ၀င်လိုက်သည်။
ရုံးခန်းကား တိတ်ဆိတ်ငြိမ်သက်လျက်။ စေ့ထားသော ပြတင်းတံခါးမှ ပြာစိမ်းစိမ်း မှန်ရောင်ရိုက်ဟပ်သဖြင့် အခန်းသည် စိမ်းစိမ်း ပြာပြာ ဖြစ်နေသည်။ အခန်းထိပ်ရှိ စားပွဲကြီး တွင်ကား တိုင်းပြုပြည်ပြု လွှတ်တော် အကြံပေး အရာရှိ ၀တ်လုံ ဦးချန်ထွန်းသည် ခေါင်းငိုက်ကာ ငေးမှိုင်လျက်ရှိသည်။
ဇော်ဂျီသည် ကျနော်ဝင်လာသည်ကို မြင်သော အခါ ဆိတ်ဆိတ်ပင်၊ စကားမဟဘဲ ထိုင်ရန် ကုလားထိုင်ကိုသာ လက်ဖြင့် ညွှန်ပြသည်။ သူသည် ငေးငိုင်၍နေသည်။ အတန်ကြာ တိတ်ဆိတ်လျက် ရှိသည်။ ကျနော်ကား ခါတိုင်းလှုပ်ရှား ဆူညံ၍ နေတတ်သော အတွင်းဝန်များရုံးသည် ဘာကြောင့် ယခုလို အုံ့မှိုင်းရီဝေ၍ နေသည်၊ ဆိတ်ငြိမ်၍ နေသည်ကို အံ့သြလျက် ရှိသည်။
အတန်ကြာ ဆိတ်ငြိမ်နေရာမှ ‘‘အားလုံးတော့ ဒုက္ခဖြစ်ကုန်ပြီ’’ ဟု ဇော်ဂျီက တိုးတိုး ညည်းလေသည်။ ကျနော်ကား ဘာမှန်း မသိ သေးသဖြင့် ကြောင်နေရာ သူက အကဲခတ်မိ၍ နေရာမှထကာ လက်ပြ၍ အပြင်သို့ ခေါ်ခဲ့သည်။ ကျနော်သည် ထိက်ကနဲ ဖြစ်သွားသည်။
‘‘လက်ဖက်ရည်ဆိုင် သွားရအောင်’’
မိုးတဖွဲဖွဲတွင် ရုံးခန်း အပြင်ဘက် မြေနီ လမ်းကလေးပေါ် ရောက်မှ ကျနော်က မနေနိုင်၍ ဘာဖြစ်လို့လဲဆရာ ဟု မေးမိသည်။
‘‘မင်း မကြားသေးဘူးလား’’ဟု ဇော်ဂျီက အံ့သြနေသည်။
‘‘ဟင့်အင်ကျနော်အခုပဲဘတ်စ်ကားပေါ်ကဆင်းပြီးရုံးကိုတန်းလာတာ’’
သည်တော့မှ ဇော်ဂျီက ဖြစ်ပုံကို ပြောပြသည်။ ခြသေ့င်္တပ် စစ်ယူနီဖေါင်းကို ၀တ်ထားသော လက်နက်ကိုင် လူ ယောက်သည် ကျနော် ဖြတ်လာခဲ့သော အလယ်ဆင်ဝင်အောက်မှ တက်လာကာ ဦးအောင်ဆန်းရုံးခန်းအတွင်းသို့ အတင်းတွန်းဝင်၍ အစည်းအဝေး ပြုလုပ် လျက်ရှိသော အမှုဆောင်ဝန်ကြီးများအား စတင်းဂန်းဖြင့် ပစ်ခတ်ကြပြီး မည်သူမျှ ဖမ်းဆီးခြင်းမခံရဘဲ ဂျစ်ကားဖြင့်ထွက်ပြေး လွတ် မြောက်သွားသည်။ ကျနော် မရောက်မီ နာရီ ကျော်ကျော်ခန့်က ဖြစ်သည်။
ကျနော်သည် သည်သတင်းကို ကြားသောအခါ ထိတ်လန့် တုန်လှုပ်သွားသည်။ အသားများ တဆတ်ဆတ် တုန်လာသည်။ အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင် ထဲတွင်ကား စာရေး စာချီ စသော ရုံးသားတို့သည် ညှိုးးငယ်သော မျက်နှာဖြင့် ဆိတ်ငြိမ်စွာ စားသောက်၍ နေကြသည်ကို တွေ့မြင်ရသည်။ တစ်စားပွဲခြားရှိ နိုင်ငံရေးရာ အတွင်းဝန် ကိုကျော်မြင့်ကလေးက လှမ်း၍ နှုတ်ဆက်လိုက်သည်။ သူသည် ခပ်အေးအေး ခပ်တွေတွေပင် လက်ဖက်ရည်ကို သောက်နေသည်။
‘‘အင်မတန်နှမြောဖို့ ကောင်းတယ်ဗျာ၊ သိပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ နိုင်ငံရေး လုပ်ကြံမှုပဲ’’ စသည်ဖြင့် လူအချို့သည် ငြီးတွားလျက် ရှိကြသည်။
ဇော်ဂျီက ‘‘အမျိုးသား ပျက်စီးခြင်း တရပ်ပဲ’’ ဟု တသသပြောသည်။
‘‘ကျနော် ရုံးဝင်းထဲ ၀င်လာတော့ လက်နက်ကိုင် ပုလိပ်တွေကို တွေ့တယ်။ ဒါပေမယ့် ကျနော် ၀င်လာတာကို မတားကြဘူး။ ဆင်ဝင် အောက် အ၀င်မှာတောင် အသိစာရေး ယောက်နဲ့ တွေ့သားပဲ။ သူကလည်း ဘာမှမပြောဘူး’’
‘‘လူတွေဟာ မပြောရက်ကြဘူး’’ ဟု ဇော်ဂျီက ဆိုလေသည်။
လက်ဖက်ရည် သောက်နေကြစဉ် ခုတင်ပဲ ဆေးရုံက ပြန်လာသော ရုံးသားတဦး အပါးကပ်လာ၍ ‘‘ဘယ့်နဲ့လဲ’’ဟု ကျနော်တို့က ၀ိုင်း၍ မေးမြန်းကြသည်။ သူက မိုင်းပွန်စော်ဘွားကြီးမှ တပါး အားလုံးဆုံးရှာပြီဟု ပြောသည်။ သူ့အသံမှာ တုန်နေ၍ မျက်နှာမှာ ဖြူဖတ်ဖြူရော် ဖြစ်နေသည်။
‘‘ဗိုလ်ချုပ်ကော’’ ဟု တယောက်က တိုးတိုးမေးသည်။
‘‘မျက်နှာကို အ၀တ်ဖြူနဲ့ ဖုံးထားတယ်’’
ကျနော်လည်း ကြာကြာ မနေနိုင်ဘဲ ဂျူဒါအီစကယ်လမ်း (ယခု သိမ်ဖြူလမ်း) တံခါးပေါက်မှ ကျော်၍ အပြင်ဘက်လမ်းသို့ ထွက်ခဲ့သည်။ မိုးသည် တစိမ့်စိမ့် ရွာလျက်ပင်။ လူတစ်အုပ်သည် မိုးထဲတွင် ထီးဆောင်း၍၊ တချို့ထီးမပါဘဲ၊ အချို့ ပလက်ဖောင်းပေါ်တွင် ရပ်ကာ အတွင်းဝန်ရုံးဘက်သို့ မျှော်ကြည့်နေကြသည်။ ကုလားနှင့် တရုတ်လည်းပါသည်။
လူတစ်ယောက်က ကျနော်၏ လက်မောင်းကို ဆွဲကိုင်၍ ‘‘ဒီမယ် ခုနက ၀န်ကြီးတွေ သေနတ်ပစ်ခံရတယ် ကြားတယ်၊ ဟုတ်သလား ခင်ဗျာ’’ဟု မေးသည်။ သူကား အကြောင်းမျိုးစုံကို သိချင် နေပေလိမ့်မည်။
‘‘ဟုတ်ကဲ့…’’ ဟူ၍သာ ဖြေကြားပြီး တစ်ဘက်သို့ ဖြတ်ကူးရင်း အသင့်တွေ့ရသော ဒေါင်းတံဆိပ်ကားကို တက်စီးလိုက်သည်။ ကားသည် လမ်းမတော်ဘက်သို့ ပြေးလျက်ရှိသည်။
ကားထဲတွင် လူမနည်းလှပေ။ ခရီးသည် အားလုံး မျက်စိမျက်နှာ မကောင်းကြ။ ခပ်ရွယ်ရွယ် မိန်းမပျိုတဦးက ‘‘ဖြစ်မှဖြစ်ရလေနော် ဖြစ်မှဖြစ်ရလေ’’ ဟု မြည်တမ်းလျက် ရှိသည်။
ဈေးသည်ဟု ထင်ရသော ခပ်အိုအို မိန်းမကြီး နှစ်ယောက်သည် ‘‘ဗိုလ်ချုပ် အသက်ရှင်ပါစေတော်’’ ဟု ဆုတောင်း၍  နေသည်။
ယခုမှပင် သိရသော မိန်းမတယောက်က မေးမြန်းသည်ကို ‘‘မပြောကြနဲ့ မပြောကြနဲ့’’ ဟု အသာလက်ကုတ်၍ တီးတိုးတားမြစ်သည်။ သူတို့သည် မပြောရက်ကြ။ သန့်ပြန့်စွာ ၀တ်စားထားသော တရုတ်တစ်ဦးက‘‘အားကီး ရက်စက်တာပဲဟု ကျနော့် ဘက်သို့ လှည့်၍ ရေရွတ်လျက်ရှိသည်။ မျက်နှာထား တင်းတင်းနှင့် ဘတ်စ်ကား ဒရိုင်ဘာသည် တောက် ခေါက်လိုက်သည်။
သိမ်ကြီးဈေးသို့ ရောက်သောအခါ လူသွားလူလာ ကင်းရှင်းနေပေပြီ။ ဈေးဆိုင်များ ပိတ်ထားလေပြီ။ သတင်းသည် တမုဟုတ်ချင်း ပျံ့နှံ့၍ သွားလေပြီ။ မော်တော်ကား၊ လန်ချားတို့ကား ခပ်မြန်မြန် သွားလာနေကြသည်။
ကားလမ်းပေါ်မှ ဆင်း၍ လမ်းထဲသို့ ၀င်လာသောအခါ အိမ်ဝတွင် လူတို့သည် မှိုင်တိုင်တိုင်နှင့် ရပ်ကာကြည့်နေသည်ကို တွေ့မြင်ရသည်။ လူတို့သည် အငြိမ်မနေနိုင်ကြ။ မိုးသည်မစဲဘဲ ရွာလျက်ပင်။
လူတို့သည် ဖြစ်မှဖြစ်ရလေ၊ ဖြစ်မှဖြစ်ရလေ ဟု တတွတ်တွတ် မြည်တမ်းရင်းပင် ညနေ စောင်းလာတော့သည်။ ဗိုလ်ချုပ်ဆုံးကြောင်းကား ညနေထုတ် သတင်းစာများမှ ကြားရလေပြီ။
မည်သူ့မျက်နှာ ကြည့်ကြည့် မျက်နှာညှိုးငယ်နွမ်းလျစွာနှင့်။ လမ်းမပေါ်မှ စက်ပြင်ဆရာတဦး၏မိန်မပါးစပ်မှ ‘‘ကျုပ်တို့တော့ ထမင်းလည်း မချက်တော့ဘူး၊ စားချင်စိတ်လည်း မရှိတော့ပါဘူးရှင်’’ ဟူသော အသံသည် သဲ့သဲ့မျှ ပေါ်ထွက်လာသည်။
နေ၀င်မီးငြိမ်း အမိန့် ထုတ်ထားသဖြင့် ညဥ့်ဦးသည် တိတ်ဆိတ်ကာ မှောင်လှသည်။ အိမ်သားများ ဆုံတိုင်း နေ့ခင်းက အကြောင်းကိုသာ ပြောကြသည်။ ရှိုက်သံ၊ တမ်းတသံ၊ ညဉ်းညူသံ၊ တသသံ။
တိတ်ဆိတ် မှောင်မည်းသဖြင့် စောစော အိပ်ရာဝင်ကြသော်လည်း အိပ်မပျော်နိုင်ကြ။ နေ့ခင်းကဟာ အိပ်မက်ပဲ ဖြစ်ပါစေတော့ဟု မိန်းမများက ဆုတောင်းကြသည်။
ညဥ့်နက်သော်လည်း ချောင်းဟန့်သံ၊ လူးလွန့်သံတို့သည် ဆက်၍နေသည်။ ရှဲခနဲ မီးခြစ်၍ နောက်ဖေး ထကြ ပြန်သည်။
တရေးနိုးဆုံလျှင် ‘‘ဘယ်တော့များမှ မေ့ပျောက်ပါ့မလဲနော်’’ဟု အိပ်ချင်သံနှင့် ဆိုကြသည်။ တရေးနိုးတိုင်း သတိရလျက် ရှိသည်။ မကြာခဏ အိပ်မက်ပြီး နိုးသည်။ သို့နှင့်ပင် တအောက်မေ့မေ့၊ တသသနှင့် ထိုညကို လွန်မြောက်ရသည်။
ရေးသားသူ ဒဂုန်တာရာ
၁၉၄၇
သြဂုတ်လ
အယ်ဒီတာ စာပွဲ၊ စာပေ၊ အနုပညာ ဝေဖန်ရေး နှင့် ပန်းနုရောင်အိုစာအုပ်တွင် ဖော်ပြပါရှိသော ဆောင်းပါးအား ဆရာ ဒဂုန်တာရာ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြပါသည်။


ပြည်ပရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော် အမြင်သဘောထား

ကြာသပတေးနေ့ ညနေပိုင်းအစီအစဉ်
၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်။

BBC - မနေ့တုန်းက သမ္မတဦးသိန်းစိန်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လူမှုရေးအသင်းအဖွဲ့က ပုဂ္ဂိုလ်တွေကို ခေါ်ယူတွေ့ဆုံ မိန့် ခွန်းပြောခဲ့ရမှာ ပြည်ပရောက်မြန်မာတွေကို ပြန်လာဖို့ ဖိတ်ခေါ်တာလည်း ပါရှိပါတယ်။ အဲဒီပြောဆိုမှုတွေအပေါ် ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်ပါတီရဲ့ အမြင်ကို သိရအောင် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကို အစိုးရဖက်က ဘာရည်ရွယ်ချက်နဲ့ ဒီလိုကမ်းလှမ်းသလဲလို့ မေးကြည့်ပါတယ်။

ဦးအောင်မိုးဇော် - အခုလက်ရှိ အစိုးရကိုယ်၌က ရွေးကောက်ပွဲကတက်လာတဲ့အစိုးရဆိုပြီးတော့ သူတို့ဘာသာသူတို့ Claim လုပ် နေရတယ်။ အဲဒီလိုအခြေအနေအောက်မှာ အခုတက်လာမယ့်အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုတာ နောက် ပြည်တွင်းက အသိအမှတ်ပြုတာ၊ ဒီကိစ္စတွေကို အသည်းအသန်လိုချင်နေပုံရတယ်လို့ ကျနော့်အနေနဲ့ အဲဒီလို တွက်ပါတယ်။ အဲဒီအခြေအနေ အောက်မှာမှ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မထိခိုက်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောဖို့ကို ကြိုးစားနေတယ်။ တိုင်းရင်းသားတွေနဲ့လည်း စစ်တိုက်လိုက် စကားပြောလိုက်လုပ်နေတယ်။ ဒီကြားထဲမှာ ဆင်းရဲမှုပပျောက်ရေးဆိုတဲ့ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်ကိုဖိတ်မယ်တို့ စသည်ဖြင့် ဒါမျိုးတွေ ကျနော်တို့ကြားနေရတယ်။ အဲဒါတွေအားလုံးရဲ့ရည်ရွယ်ချက်က ဒီ ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်းမှာ ဒီအင်အားစုအသီးသီးက လာပြီးတော့အလုပ်အကျွေးပြုဖို့ဆိုတဲ့နည်းဗျူဟာကို ကြိုးစားနေတယ်လို့ ကျနော်တို့ပါတီအနေနဲ့မြင်တယ်။ ဒါက တစ်ချက်။

တဆက်တည်းမှာပဲနော် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို ငြိမ်းငြိမ်းချမ်းချမ်း၊ တိုင်းပြည်ငြိမ်းချမ်းရေးအတွက်ကို စစ်စစ်မှန် မှန်တင်ပြနေတဲ့ အင်အားစုတွေ လူပုဂ္ဂိုလ်တွေကို တဖြည်းဖြည်းနဲ့ Marginalize ဖြစ်အောင်ကြိုးစားနေတဲ့ခြေလှမ်းဖြစ်တယ်လို့ ကျနော်တို့ အဲဒီလိုမြင်ပါတယ်။

BBC - ဒီပြောဆိုမှုဟာ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရိုးရိုးသားသားဖိတ်ခေါ်မှုလို့ သုံးသပ်ကြတဲ့သူတွေ ရှိနေပါတယ်။ အဲဒီတော့ ဦးအောင်မိုးဇော်တို့အနေနဲ့က သမတကြီးရဲ့ အခုပြောဆိုမှုကို ရိုးရိုးသားသားဖိတ်ခေါ်မှုရယ်လို့ မမြင်ဘူး လား။

ဦးအောင်မိုးဇော် - ကျနော်တို့ မြင်ချင်ပါတယ်။ အဲဒီလိုမြင်နိုင်ဖို့အတွက်ဆိုလို့ရှိရင် တိုက်တွန်းချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင်တစ်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ပြည်သူကိုကိုယ်စားပြုနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ်သဘောထားပြီးတော့ အခုစကားပြောနေတဲ့ဖြစ်စဉ်ကို မြန်မြန်ဆန်ဆန်ဆက်ပြီးတော့ တိုးတက်သွားအောင် လုပ် ပေးပါလို့ ကျနော့်အနေနဲ့ တိုက်တွန်းချင်တယ်။ အဲဒီစကားပြောဆိုမှုသာ အကယ်၍ အဆင်ပြေမယ်ဆိုလို့ရှိရင် သမတကြီးရဲ့လုပ်ရပ် ပဲဖြစ်ဖြစ် ကနေ့ လက်ရှိအစိုးရသစ်ရဲ့လုပ်ရပ်ကိုပဲဖြစ်ဖြစ် ပြည်သူတွေ အကောင်းသဘောမြင်လာလိမ့်မယ်လို့ ကျနော့်အနေနဲ့ ထင် တယ်။ ဒါ ပထမ တစ်ချက်။

ဒုတိယ တစ်ချက်။ နိုင်ငံတကာမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေကို ကျော်ခေါ်တာထက်စာလို့ရှိရင် ဒီအကျဉ်းထောင်တွေထဲမှာ ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရှိတယ်။ ကိုမင်းကိုနိုင်တို့လို ကိုကိုကြီးတို့လို ပုဂ္ဂိုလ်မျိုးတွေ။ ဒီပုဂ္ဂိုလ်တွေဟာ တိုင်းပြည်တိုး တက်ရေးအတွက်ကို အများကြီးအလုပ်အကျွေးပြုနိုင်မယ့် ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဒီပုဂ္ဂိုလ်တွေကိုသာလွှတ်ပေးလိုက်မယ်ဆိုလို့ရှိရင် ဒီ သမတကြီးရဲ့ဖိတ်ခေါ်မှုကို ပြည်သူတွေကရော နိုင်ငံတကာကပါ အကောင်းသဘောပိုပြီးတော့ မြင်လာလိမ့်မယ်လို့ ကျနော်တို့ အနေနဲ့မြင်ပါတယ်။

BBC - ဒါကတော့ ပြည်ပရောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ရဲ့အမြင်ပါ။

*****

ဧရာဝတီကို ကာကွယ်ကြ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

သုတေသနနှင့် လေ့လာရေးဌာန

ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၃/၂၀၁၁)

(၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်)



(၁) ချီဖွေ၊ (၂) ပါရှီ၊ (၃) လာကင်၊ (၄) ဖီဇော၊ (၅) ခေါင်လန်းဖူး၊ (၆) လာဇာ။

ဧရာဝတီမြစ်ဖျားခံရာ မေခမြစ်နှင့် မလိခမြစ်များပေါ်တွင် တည်ဆောက်မည့် ဆည်ခြောက်ခု၏ အမည်များဖြစ်သည်။ မေခ၊ မေလိခ မြစ်ဆုံတွင်ဆောက်မည့် ဆည်တခုအပါအ၀င် ဆည် (၇) ခု တည်ဆောက်မည့် စီမံကိန်းစတင်သည့် အမြောက်သံသည် ဧရာ ၀တီမြစ်အတွက် သေမင်းတမာန် ခေါင်းလောင်းထိုးသံဖြစ်သည်။

နှစ်ပေါင်းများစွာ အလွန်အကျွံ သစ်ခုတ်လှဲမှုများကြောင့် ရေဝေရေလဲဒေသများတွင် သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်နေခဲ့ သည်။ မြစ်ရိုးတလျောက် စည်းကမ်းမဲ့ ရွှေထုတ်ယူမှု၊ ကျောက်မျက်တူးဖေါ်မှုများကြောင့် သောင်ထွန်းမှု၊ မြစ်ကြောင်းပြောင်းမှုများ ဖြစ်ပေါ်ပြီး ဧရာဝတီမှာ အသက်ငင်နေခဲ့ရသည်။ အရှည် (၁၃၄၈) မိုင်ရှိသော မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အရှည်ဆုံးမြစ်ဖြစ်သည့် ဧရာဝတီမြစ်နှင့် ပတ်သက်၍ ပညာရှင်များက လွန်ခဲ့သည့် လေး၊ ငါးနှစ်လောက်ကတည်းက သတိပေးခဲ့ကြသည်။ ပြီးခဲ့သည့် နွေရာသီကဆိုလျှင် ဧရာဝတီမြစ်ကို လမ်းလျှောက်၍ ဖြတ်သန်းနိုင်လောက်အောင် ရေနည်းသွားသည့်အဖြစ်ကို မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာများက ဖေါ်ပြအသိပေးခဲ့သည်။ သို့သော် အာဏာပိုင်များက လျစ်လျူရှုခဲ့သည်။

ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုလျှင် ဒေသခံပြည်သူများ၏ ဆန္ဒနှင့် ရေတိုရေရှည် အကျိုးစီးပွားများကို ထည့်သွင်း တွက်ချက်ဆောင်ရွက်ရမည်ဖြစ်သည်။ ဧရာဝတီသည် မြန်မာပြည်သူတရပ်လုံးပိုင်ဖြစ်သည့်အတွက် မြန်မာပြည်သူများ၏ ဆန္ဒနှင့် ရေတိုရေရှည် အကျိုးစီးပွားများကို ထည့်သွင်း တွက်ချက်ဆောင်ရွက်ရမည်ဖြစ်သည်။

ဧရာဝတီသည် မြန်မာ။ မြန်မာသည် ဧရာဝတီဖြစ်သည်။

ဧရာဝတီသည် မြန်မာပြည်သူတို့၏ အသက်သွေးကြောဖြစ်သည်။

ဧရာဝတီမြစ်ရေကို သောက်သုံး၍ မြန်မာနိုင်ငံသားများ အသက်ရှင်ကြရသည်။

ဧရာဝတီမြစ်ရေကို ယူငင်၍ စိုက်ပျိုးမွေးမြူကြရသည်။

ဧရာဝတီမြစ်ရေကို အသုံးချ၍ ရောင်းဝယ်ဖေါက်ကား ခရီးသွားကြရသည်။

ယခုမူ ဧရာဝတီ အသက်ငင်နေပြီ။

ထိုသို့ အသက်ငင်နေသည့် ဧရာဝတီ၏ မြစ်ညာဖြစ်သော မေခနှင့် မလိခ မြစ်ပေါ်တွင် ယခုဖေါ်ပြထားသည့် ဆည် (၇) ခု တည်ဆောက်မည့် စီမံကိန်းသည် …

စစ်အုပ်စုနှင့် ကြံ့ဖွံ့အစိုးရက ၎င်းတို့၏ အကျိုးစီးပွားအတွက် ဧရာဝတီနှင့် သဘာဝသယံဇာတများကို လက်ညှိုးထိုး ရောင်း စားခြင်းဖြစ်သည်။ တရုတ်အစိုးရက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် မြန်မာပြည်သူများ၏ ရေတိုရေရှည် အကျိုးစီးပွားများကို လျစ် လျူရှုခြင်း ဖြစ်သည်။

တရုတ်အစိုးရနှင့် ကြံ့ဖွံ့အစိုးရတို့သည် မြန်မာပြည်သူတို့၏ အသက်၊ မြန်မာပြည်သူတို့၏ ဘ၀၊ မြန်မာပြည်သူတို့၏ သမိုင်းကို အသိအမှတ်ပြုရန် မျက်ကွယ်ပြု၍ ယခုကဲ့သို့ ဆည်များတည်ဆောက်ရန် စီမံကိန်းများ ရေးဆွဲအကောင်အထည် ဖေါ်ခဲ့ခြင်းဖြစ်သည်။ အသက်ငင်နေသော ဧရာဝတီကို နောက်ဆုံးဇာတ်သိမ်းပေးရန် ခြေလှမ်းပြင်လိုက်ခြင်းသာဖြစ်သည်။ ၎င်းတို့၏ တာဝန်မဲ့မှုကြောင့် ဇီဝိန် ချုပ်တော့မည့် ဧရာဝတီ၏ နိဂုံးကို မြန်မာပြည်သူများအနေဖြင့် မျက်နှာလွှဲရန် မဖြစ်နိုင်ပါ။

ဧရာဝတီကို လူမျိုးစုံမြန်မာပြည်သူ တရပ်လုံးက ပိုင်ဆိုင်ကြသည်။ ထို့ကြောင့် ဧရာဝတီကို လူမျိုးစုံ မြန်မာပြည်သူတရပ်လုံးက ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်။

စစ်အုပ်စုနှင့် ကြံ့ဖွံ့အစိုးရက ဧရာဝတီကို မည်သို့ပင် တာဝန်မဲ့စွာ ပစ်ထားသည်ဖြစ်စေ တပ်မတော်သားများ အပါအ၀င် မိမိတို့ ပြည်သူတရပ်လုံးအနေဖြင့် ဧရာဝတီကို ကာကွယ်စောင့်ရှောက်ရန် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြရပါလိမ့်မည်။

>မြစ်ဆုံရေကာတာ ဆိုးကျိုးကောင်းကျိုး

ဦးသန်းလွင်ထွန်း
ဦးသန်းလွင်ထွန်း ။ ။ ကချင်ပြည်နယ် မြစ်ဆုံမှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာကြီးဟာ အလွန်အန္တရာယ်ကြီးမားတဲ့အတွက် လုပ်ငန်းဆက်လက်မလုပ်ဆောင်သင့်ကြောင်း လေ့လာချက်အစီရင်ခံစာတခုက ၂၀၀၉ ခုနှစ်ကတည်းက အဆိုပြုထားပေမယ့် ဒီလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံထားတဲ့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရဘက်ကပါ လစ်လျူရှုခဲ့ပါတယ်။ တရုတ်နဲ့ မြန်မာပညာရှင်တွေ ကွင်းဆင်းလေ့လာပြီး တင်ပြခဲ့တဲ့ ဒီအစီရင်ခံစာကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပါဘူး။ ဒီ အစီရင်ခံစာကို မကြာခင်ကမှ ရရှိဖတ်ရှုခဲ့ရတယ့် တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသန ပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင်း က ဗွီအိုအေ ကို အောက်ပါအတိုင်း ပြောဆိုပါတယ်။
ဦးမင်းဇင် ။ ။ ပထမဆုံး တွေ့တာကတော့ စာမျက်နှာ (၉၀၀) ကျော်လောက်ဆိုတော့ ချက်ချင်း မဖတ်ဖြစ်ဘူး။ နောက်တော့ ဖတ်ကြည့်လိုက်တဲ့အခါမှာ အစောပိုင်းကလည်း သိပ်ပြီးတော့ တရုတ်ပညာရှင်တွေက အဓိကရေးတယ်ဆိုတော့ စိတ်ထဲမှာလည်း တရုတ်ပြည်ဆိုတော့ သာသာထိုးထိုး ရေးမှာပဲဆိုပြီး ကျနော်က ယူဆထားတာ။ အဲဒီ ယူဆချက်နဲ့ ဖတ်တာ ဖတ်ရင်းနဲ့ တခါမှ မကြားဘူးတဲ့ အချက်အလက်တွေ သိခဲ့ရတယ်။ ဥပမာ ဒီ မြစ်ဆုံရေကာတာ (၇) ခု ဆောက်တဲ့အထဲမှာ ရေကာတာ တခုတည်းကိုက စင်္ကာပူထက် ပိုပြီးကြီးတယ်။ နယူးရော့ခ်မြို့ ကြီးတမြို့ စာလောက်ရှိတယ်။ ကမ္ဘာပေါ်မှာ (၁၅) ခုမြောက် အကြီးဆုံး ရေအားလျှပ်စစ် ရေကာတာကြီးဖြစ်မယ်။ ဒါမျိုးတွေ ကြားရတယ်။ အဲဒါမျိုးကြားရတဲ့အပြင် အဆိုးဆုံး ကြားရတာက အခုနပြောသလို ဒီကရမယ့် ရေအားလျှပ်စစ်ကို တစ်ရာ ရာခိုင်နှုန်းလုံး တရုတ်ပြည်ကပဲ အကျိုးကျေးဇူးရမယ်။ ဒီဖက်နောက်ပိုင်း သတင်းကြားရတာက ၉၉% တရုတ်ပြည်ဖက်ကို ရောင်းပြီး မြန်မာပြည်ကိုတော့ ၁% ပြန်ရောင်းမယ်လို့ သတင်းကြားရတယ်။ အဲဒီလိုမျိုးဟာတွေ ကြားရတယ်။ ပိုဆိုးတာက ဒီ ရေကာတာကြီးဟာ စစ်ကိုင်းပြတ်ရွေ့ ကြော လို့ခေါ်တဲ့ ငလျင်ကြောကြီးနားမှာ ရှိတယ်။ ဒီဟာကလည်း အာရှတိုက်မှာ ငလျင်တွေ မကြာခဏ လှုပ်တဲ့အတွက်မို့ ဒီဟာက အန္တရာယ်များတယ်လို့ ပညာရှင်တွေက သုံးသပ်ကြတယ်။ ဒီ ငလျင်ကြောကြီးက ပျက်ရွေ့ ကြောကြီးက တခုခုများ ဖြစ်ခဲ့ရင် ရေကာတာကြီး ပြိုသွားနိုင်တယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ရေကာတာ ရေလှောင်ကန်ကြီးက အခုနပြောသလို စင်္ကာပူနိုင်ငံထက်ကြီးတဲ့အခါကြတော့ အဲဒီလောက်ကြီးတဲ့ဟာကြီးကနေ ရေပမာဏကြောင့်လည်း ပြတ်ရွေ့ ကြောကိုသွားပြီး လှုံဆော်သလို ဖြစ်နိုင်တယ်။ ဒီလိုဖြစ်ပြီး ရေကြီးလို့ရှိရင် မြစ်ကြီးနားမြို့ ကြီးက စက္ကန့် (၂၀) အတွင်း ရေမြုပ်နိုင်တယ်လို့ ပညာရှင်တွေပြောတာကို ကြားရတော့ အင်မတန်မှပဲ တုန်လှုပ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီ လေ့လာမှုအစီရင်ခံစာရဲ့  နံမည်ကိုက တည်ဆောက်မယ့် ရေကာတာတွေရဲ့  သဘာဝပတ်ဝန်းကျင်အပေါ်ကို ဘယ်လောက်အထိ သက်ရောက်မှု ရှိနိုင်မလဲကို ကြိုတင်ခန့်မှန်းချက်။ ဒီလို သဘာဝပတ်ဝန်းကျင်ပေါ် သက်ရောက်မှုကြိုတင်ခန့်မှန်းချက်တွေကို တကယ်တမ်းကြတော့ အကုန်အကျခံပြီးတော့ အစီရင်ခံစာရေးခိုင်းတာလည်း China Power Investment Cooperation ခေါ် CPI ကော်ပရေးရှင်းကပဲ လုပ်တာဆိုတော့ ဒီ ကော်ပရေးရှင်းအနေနဲ့ မူလ ရည်မှန်းချက်ဖြစ်တဲ့ ဒီလို လေ့လာမှုတွေလုပ်ခိုင်းပြီးတော့ ဒီ လေ့လာမှုအစီရင်ခံစာကနေ ကြိုတင်ခန့်မှန်းပြီး တင်ပြတဲ့အချက်တွေကို လိုက်နာရမယ့် တာဝန် သူတို့မှာ မရှိဘူးလား။
ဦးမင်းဇင် ။ ။ ကျနော်သိသလောက်တော့ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့မှာ ဒီလိုမျိုးဟာတွေကို လိုက်နာဖို့အတွက် တာဝန်ခံထားတာ မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ ဒီ အစီရင်ခံစာကလည်း ယေဘုယျ လိုက်နာရမယ့် စမ်းစစ်တဲ့အချက် (၁၀) ချက် ရှိပါတယ်။ အဲဒီ အချက် (၁၀) ချက်ထဲမှာမှ အချက် တစ်ခုကိုပဲ စမ်းစစ်ရသေးတာဖြစ်ပါတယ်။ အဲဒီ ရေကာတာဆောက်မယ့် ဧရီယာ ပတ်ဝန်းကျင်ကိုပဲ စမ်းစစ်ရသေးတာ ဖြစ်ပါတယ်။ ကျန်တဲ့ မြစ်အကြေပိုင်း ဧရာဝတီမြစ်အကြေပိုင်းတို့၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ပိုင်းတို့ ကျန်တဲ့အကြောင်းအချက်တွေ အများကြီးရှိတယ်။ အဓိကအချက် (၉) ချက်။ အဲဒါတွေကို မလေ့လာရသေးဘူး။ ပထမ တချက်တည်းနဲ့ပင် တရုတ်အစိုးရက အခုနပြောတဲ့ CPI ကလည်း တရုတ်အစိုးရပိုင်း ကုမ္မဏီဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့က တခါတည်း ဒါကတော့ အခြေအနေ မဟန်တော့ဘူးလို့ထင်ပြီး ကျန်တဲ့လေ့လာမှုတွေကို ဆက်မလုပ်ခိုင်းဘဲ ရပ်လိုက်တာလို့ ကြားသိရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီ အစီရင်ခံစာ စပြီးထွက်တဲ့ ပြုစုပြီးတဲ့အချိန်က ၂၀၀၉ ခုနှစ်။ အဲဒီ ၂၀၀၉ ခုနှစ်နောက်ပိုင်းမှာ မြစ်ဆုံရေကာတာလုပ်ငန်းတွေကလည်း စတင်နေပြီ။ တခြား ရေကာတာလုပ်ငန်းတွေကလည်း စတင်နေပြီဆိုတော့ ဒီ အစီရင်ခံစာကို လုံးဝလစ်လျူရှုပြီးတော့ အလုပ်တွေကို ဒီအတိုင်းပဲ မျက်စိမှတ်ပြီတော့ လုပ်နေတဲ့သဘောကို ဆိုလိုချင်တာလား။
ဦးမင်းဇင် ။ ။ တချို့ အပိုင်းတွေမှာ လိုက်နာမှုရှိကောင်းရှိလိမ့်မယ်။ ဥပမာ ကျနော်ကြားတာက တရုတ်ပညာရှင်တွေနဲ့ တရုတ်အာဏာပိုင်တချို့ နဲ့ စကားပြောတဲ့အခါမှာ သူတို့ပြောတာက ဥပမာဆိုရင် မြန်မာရွှေ့ ပြောင်းခံရတဲ့ လယ်သမားတွေ၊ ကချင်ဒေသခံ တိုင်းရင်းသားတွေကို လျှော်ကြေးပေးတယ်။ အစီရင်ခံစာကတော့ ၁၀% လောက်တော့ ရင်းနှီးမြုပ်နှံမှုရဲ့  ၁၀% လောက်ကို လျော်ကြေးပေးခိုင်းပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရကတော့ ဒါကို ၅% ပေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း တကယ့်တကယ် ပေးတဲ့ငွေတွေကို ဘယ်လိုဖြန့်ဝေသလဲဆိုတဲ့အခါကြတော့ မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ သူ့ရဲ့  အာရှ Aisa World ကုမ္မဏီကနေ ဖြန့်ဖြူးတာဖြစ်တဲ့အတွက် လက်တွေ့မှာတော့ ဒေသခံလူထုတွေ ထင်သလောက်မရဘူး။ မရဘဲနဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ပိုများတယ်ဆိုတာကို သတင်းစာဆရာတွေနဲ့ အန်ဂျီအိုသမားတွေက အထောက်အထားနဲ့ တင်ပြတာတွေ ရှိပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒါ လူတွေရွှေ့ ပြောင်းခံရတဲ့ကိစ္စအပေါ်မှာပဲ အရေးယူမှု ထည့်တွက်မှု တစိတ်တပိုင်းရှိပြီတော့ အစောက ကိုမင်းဇင်း ပြောတဲ့ အစီရင်ခံစာထဲမှာ ကြိုတင်ပြီး သတိပေးထားတဲ့ ငလျင်ပြတ်ရွေ့ ကြောကြီးပေါ်မှာ ရှိနေတဲ့အတွက် အန္တရာယ်ကြီးမားတဲ့အခြေအနေ။ ဒါမှမဟုတ်လို့ ရေကာတာကြီးဆောက်မယ့် ဧရီယာပမာဏက သိပ်ကြီးမားတော့ ရေကာတာကြီးမှာ စုဆောင်းလာမယ့် ရေကြောင့် ငလျင်ကြောကြီးကို သွားပြီးတော့ လှုံဆော်သလို ဖြစ်သွားနိုင်မယ့် အခြေအနေ။ တကယ်လို့များ ကျိုးပေါက်သွားရင် အကြေ မြစ်ခြေဘက်မှာ ရေလွှမ်းခံရမယ့်အခြေအနေ။ ဒါတွေအကုန်လုံးကိုက ပြည်သူလူထုကိုရော လူသိရှင်ကြား အသိပေးမှုတွေ၊ ဒါမှမဟုတ် ကြိုတင်တိုင်ပင်မှုတွေ မရှိဘူးလား။
ဦးမင်းဇင် ။ ။ ဒီ အစီရင်ခံစာရဲ့  သူတို့ပြောတဲ့ အရေးကြီးဆုံး အကြံပြုချက်က ဘာလဲဆိုတော့ ရေကာတာ (၇) ခု ဆောက်မယ့် စီမံကိန်းကို လုံးဝဖျက်သိမ်းပါလို့ အကြံပြုပါတယ်။ အကယ်၍ မဖျက်သိမ်းနိုင်လို့ ဆက်ဆောက်ချင်တယ်ဆိုရင် (၇) ခု ဆောက်စရာမလိုဘူး။ အထူးသဖြင့် မြစ်ဆုံမှာ ဆောက်စရာမလိုဘဲနဲ့ မေခ-မလိခ နေရာမှာ အငယ်စား ရေကာတာလေး နှစ်ခု ဆောက်လို့ရပါတယ်။ အဲဒီ အငယ်စား ရေကာတာလေး နှစ်ခု ဆောက်ရင်လည်း။ ဒါက ရေကာတာ (၇) ခု ဆောက်ရင်ရမယ့် လျှပ်စစ်စွမ်းအင် ပမာဏကို မလျော့ဘဲ ရစေနိုင်တယ်လို့ ပညာရှင်တွေက သုတေသနပြု တင်ပြကြပါတယ်။ သဘောကတော့ ဒါကို ဖျက်ပါ။ မဖျက်နိုင်ရင် အငယ်စား နှစ်ခုဆောက်ပါပေါ့။ အဲဒါကို အဓိကအကြံပြုချက်ကို မြန်မာစစ်အစိုးရနဲ့ တရုတ်အာဏာပိုင်းတွေက လုံးဝလစ်လျူရှုတာကို တွေ့ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ နှစ်ပိုင်း - တပိုင်းက ဘာလဲဆိုတော့ တရုတ်အစိုးရနဲ့ တရုတ် CPI - ရေကာတာ ဆောက်ပြီးရင်ရရှိမယ့် လျှပ်စစ်စွမ်းအားနဲ့ အကျိုးအမြတ်နဲ့ သူတို့ရဲ့  ရင်းနှီးမြုပ်နှံမှုတွေက တရုတ်ပြည်အတွက် အဓိကဖြစ်နေတော့ သဘာဝဘေးအန္တရာယ်ခံရမယ့် အခြေအနေတွေက ဗမာပြည်အတွင်းမှာ ဖြစ်နေတော့ သူတို့အနေနဲ့ ဂရုမစိုက်ဘူးထားလိုက်ပါ။ ဒါပေမဲ့လည်း တဖတ်မှာပါဝင်နေတဲ့ မြန်မာအစိုးရပိုင်း။ အခု မြစ်ဆုံရေကာတာ စီမံကိန်းမှာ မြန်မာအစိုးရပိုင်းနဲ့ တခြား ပုဂ္ဂလိကပိုင်းတွေ မြန်မာပိုင်းက ရင်းနှီးမြုပ်နှံနေတဲ့ ဦးဆောင်ပြီးလုပ်နေတဲ့လူတွေအနေနဲ့ကော ဗမာနိုင်ငံပိုင်းမှာ၊ ကိုယ့်နိုင်ငံအတွင်းမှာ ဖြစ်မယ့် ရေရှည်ထိခိုက်မှုတွေကို သူတို့အနေနဲ့ ထည့်တွက်မှုမရှိဘူးလား။
ဦးမင်းဇင် ။ ။ တကယ်တော့ ဝမ်းနည်းစရာကောင်းတာက တရုတ်ပညာရှင်တွေရဲ့  အချက်အလက်အရပဲ ရမယ့်အကျိုးအမြတ် ၇၀% ကို တရုတ်နိုင်ငံက ယူမှာဖြစ်ပြီးတော့ သူတို့က ၃.၆ ဘီလီယံ ရင်းနှီးမြုပ်နှံထားတော့ ရမယ့်အကျိုးအမြတ်ရဲ့  ၇၀% ကို တရုတ်နိုင်ငံကယူမယ်။ မြန်မာနိုင်ငံကတော့ ၂၀% ရမယ်။ ၂၀% ဆိုတာ ဒေါ်လာနဲ့တွက်ရင် တနှစ်ကို သန်း ၅၀၀ လောက်ပဲ ရှိပါတယ်။ ကြားပွဲစားတွေက ၁၀% လောက် ရမယ်။ ကျနော်မြင်တာကတော့ ကြားပွဲစားတွေက သူတို့အတွက် အကျိုးစီးပွားသိပ်များတဲ့အခါကြတော့ ၁၀% ဆိုတဲ့ ပမာဏက သိပ်မနည်းပါဘူး။ သာမန် ပုဂ္ဂလိက အကြံပေးပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တို့ ရမယ့်ပမာဏက များပါတယ်။ အဲဒီအခါကြတော့ သူတို့တွေက ဒါကို မဖြစ်ဖြစ်အောင်။ ပညာရှင်တွေက မဆောက်နဲ့ ပြောပေမယ့် dam ဆောက်တာကိုက သူတို့အတွက် ပိုက်ဆံရပေါက်ရလမ်းဆိုတော့ သူတို့က မဖြစ်ဖြစ်အောင်လုပ်တဲ့ သဘောပါ။ မြန်မာစစ်အစိုးရဘက်ကတော့ တာဝန်မဲ့တဲ့အပိုင်းတွေ အများကြီးတွေ့ပါတယ်။ ဥပမာဆိုရင် မြစ်ကြီးနားကို စက္ကန့် ၂၀ အတွင်း ရေလွှမ်းမယ်။ မြစ်ကြီးနားတမြို့ လုံး ပျောက်သွားမယ်ဆိုတာကို ပညာရှင်တွေက ပြောတဲ့အခါမှာ မြန်မာစစ်တပ်က ဘာလုပ်သလဲဆိုတော့ မပခ လို့ခေါ်တဲ့ မြောက်ပိုင်းတိုင်းကို မြစ်ကြီးနားကနေ ပူတာအိုကို ရွှေ့ ဖို့ အမိန့်ပေးပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် မြန်မာ စစ်အစိုးရအနေနဲ့က ပြည်သူလူထုထက်စာရင် သူတို့ရဲ့  လုံခြုံရေး၊ သူတို့ရဲ့  စစ်တပ်မဟာဗျူဟာကိစ္စတွေကို စဉ်းစားနေတာ ဝမ်းနည်းစရာကောင်းတယ်လို့ ထင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒါ စစ်အစိုးရရဲ့  ရင်းနှီးမြုပ်နှံမှုလား။ တခြား ဘယ်ကုမ္မဏီတွေ မြန်မာဘက်က ပါဝင်ပတ်သက်နေသလဲ။
ဦးမင်းဇင် ။ ။ ရင်းနှီးမြုပ်နှံမှု အပြည့်အဝကတော့ တရုတ်ပြည်က များပါတယ်။ မြန်မာပြည်ဘက်ကတော့ ပါဝင်ဆောင်ရွက်ပေးတာကတော့ Asia World ကုမ္မဏီက အဓိကလုပ်တာပါ။ Asia World ကုမ္မဏီဆိုတာကလည်း စတီဗင်လော လို့ခေါ်တဲ့ ဦးထွန်းမြင့်နိုင် က လုပ်တာပါ။ ဦးထွန်းမြင့်နိုင် ကလည်း အနောက်နိုင်ငံတွေရဲ့  စီးပွားရေးအရ ပစ်မှတ်ထား အရေးယူမှုတွေမှာ သူက ဘိန်းလုပ်ငန်းနဲ့ ပတ်သက်တယ်ဆိုပြီး အရေးယူခံထားရတာ ဖြစ်ပါတယ်။ ဒါကလည်း အနောက်နိုင်ငံတွေမှ မဟုတ်ပါဘူး။ တရုတ်အစိုးရကိုယ်တိုင်လည်း သိပါတယ်။ ၂၀၀၉ ခုနှစ်လောက်က ဦးထွန်းမြင့်နိုင် တို့ ရန်ကုန်မှာ ဆောက်ထားတဲ့ သေဘာၤဆိပ္ကေန ထြက္သြားတဲ့ သေဘာၤေတြမွာ ဘိန်းတွေပါတယ်ဆိုပြီး တရုတ်အစိုးရက သတင်းပေးလို့ မြန်မာစစ်တပ်က ဖမ်းခဲ့တယ်ဆိုတာ သတင်းထဲမှာ ဟိုလေတကြော်ပါနေတာပါ။ ကျနော်ပြောချင်တာက Asia World ကုမ္မဏီက အဓိကပတ်သက်တယ်။ မြန်မာစစ်တပ်ထဲက စစ်ခေါင်းဆောင်တွေ ကြားရတဲ့သတင်းအရဆိုရင် ဦးတင်အောင်မြင့်ဦးတို့ အဓိက ပတ်သက်တယ်လို့ သိရပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေက အဓိကပတ်သက်တာမို့လို့ ဒီကိစ္စကို ပြန်လည်သုံးသပ်ဖို့ ပညာရှင်တွေရဲ့  အကြံပြုချက်ဟာ ထင်သလောက်မပေါက်ဘူး ဖြစ်နေပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒေသခံလူထုအနေနဲ့ ကျနော်တို့ကြားသိရတာကတော့ ဒေသခံ ကချင်လူထု၊ ဒေသခံ အန်ဂျီအိုတွေကနေ ရေကာတာစီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြမှုတွေ၊ ကန့်ကွက်တဲ့စာတွေ လေ့လာချက်တွေ ထုတ်ထားတာကို တွေ့ရပါတယ်။ အလားတူပဲ ကေအိုင်အို ကချင်အဖွဲ့ကလည်း တရုတ်ပြည်ကိုတောင် စာရေးထားတယ်ဆိုတဲ့ အချက်တွေလည်း ကြားရပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဒေသတွင်း အခြေအနေတွေက ဘယ်လိုလဲ။
ဦးမင်းဇင် ။ ။ လုပ်ကြပါတယ်။ ဒေသခံ ကချင် ရပ်မိရပ်ဖတွေကော၊ ကချင်က အန်ဂျီအိုတွေ အားလုံးဝိုင်းပြီးတော့ ဒီကိစ္စကို မလုပ်ဖို့ တရုတ်အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကို အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့တာတွေ ရှိပါတယ်။ အခုနပြောတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ ကလည်း တရုတ်ပြည်ကို စာမျက်နှာ တစ်ရာကျော်လောက်ရှိတဲ့ အထောက်အထားတွေ ပူးတွဲပါဝင်တဲ့ စာတမ်းတွေ ပေးပို့တာရှိပါတယ်။ အဲဒီ စာတမ်းတွေမှာ တချို့ အချက်အလက်တွေကို သေသေချာချာ အထောက်အထားနဲ့ တင်ပြထားတာပါ။ ဥပမာဆိုရင် အဲဒီဒေသမှာ ၁၉၅၀ ကနေ ၂၀၁၀ အထိ ရေကြီးမှု အကြီးအကျယ် (၇) ကြိမ် ဖြစ်ခဲ့တယ်။ ဒါတွေကို အထောက်အထားနဲ့ တင်ပြထားတာကို တွေ့ရပါတယ်။ နောက်တခါ ပြတ်ရွေ့ ကြောကြောင့် မဟုတ်ဘဲ မြစ်က ရေစီးသန်တော့ ရေကြီးတဲ့အခါမှာလည်း ရေကာတာတွေရဲ့  အရည်အသွေးက သိပ်မကောင်းဘူး။ တရုတ်ရေကာတာရဲ့  အရည်အသွေးက သိပ်မကောင်းလို့ ရေကြီးတာကြောင့်လည်း ပြိုနိုင်ပါတယ်။ အဲဒါလည်း အထောက်အထားရှိပါတယ်။ ၂၀၀၆ ခုနှစ်က ချင်းခရိုင် ရေကာတာ မြစ်ကြီးနား နားမှာ ပြိုခဲ့ဘူးပါတယ်။ အဲဒါ ရေကြီးလိုပါ။ လူ (၅) ယောက်လောက် သေခဲ့ပါတယ်။ အဲဒီလိုမျိုးပဲ ဝါရှောင်ဆည်ဆိုလည်း လုံးဝပျက်သွားတာ ရှိပါတယ်။ ဒါတွေက အထောက်အထားနဲ့တကွ အထက်ကို တင်ပြတာပါ။ အခုအချိန်အထိတော့ ပြည်သူလူထုရဲ့  ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေရဲ့  တင်ပြချက်တွေကို အရေးတယူ စဉ်းစားတာ မတွေ့ရသေးပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ အခုနောက်ပိုင်း လေ့လာချက်စာတမ်း အပြင်ကို ပေါက်ကြားပြီးနောက်ပိုင်းမှာ ကိုမင်းဇင်တို့အနေနဲ့လည်း တရုတ်ပြည်ဘက်ကို ရောက်ခဲ့တယ်။ အလားတူပဲ မကြာသေးခင်က တရုတ်ပညာရှင်တချို့ ၊ မြန်မာပညာရှင်တချို့ နဲ့ တွေ့ခဲ့တယ်ဆိုတာကိုလည်း ကျနော်ကြားရပါတယ်။ သူတို့ရဲ့  သဘောထားတွေက ဘယ်လိုရှိပါသလဲ။
ဦးမင်းဇင် ။ ။ တရုတ်ဘက်ကတော့ များသောအားဖြင့် ဒါကို သူတို့က နှစ်နိုင်ငံအကျိုးစီးပွား။ ဒါက အားလုံးကောင်းဖို့အတွက်ဆိုပြီး ဗြောင်းငြင်း ခုခံတာကို တွေ့ရပါတယ်။ မြန်မာပညာရှင်တွေ၊ မြန်မာအန်ဂျီအိုတွေနဲ့ မြန်မာပြည်သားတွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော်ကို မခံမရပ်နိုင် ဖြစ်ကြပါတယ်။ ဒါကတော့ သူတို့အတွက် ဒါကို မြစ်ဆုံပြဿနာလို့ ကြည့်လို့မရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလေ့လာချက်ဟာ အချက်တချက်ကိုပဲ လေ့လာရသေးတာပါ။ ဥပမာဆိုရင် ဒီမြစ်ကြီးကို အဆင့် (၇) ဆင့် ပိုင်းလိုက်လို့ နှုန်မြေစီးဆင်းမှုတွေ မရှိတော့ဘဲနဲ့ မြစ်ဝကျွန်းပေါ်မှာ စပါးအထွက်တွေ နည်းသွားမယ်။ မြစ်ကြီးနှေးသွားတဲ့အတွက်ကြောင့် ပင်လယ်ရေတွေ ဝင်လာပြီး ပင်လယ်ရေတွေကြောင့် မြစ်ဝကျွန်းပေါ် ပျက်နိုင်တယ်။ အဲဒီလိုမျိုး မြစ်ကောသွားနိုင်တယ်။ အများကြီးရှိပါတယ်။ ဖြစ်နိုင်ချေတွေ။ ဒါတွေကို စံနစ်တကျ သုတေသနပြုပြီး ဒါတွေကို ပညာရှင်တွေက အစီရင်ခံစာတွေ ထပ်တင်သွင်းသင့်ပါတယ်။ အဲဒီလိုမျိုး မလုပ်ဘဲ ဒါကို အမှောင်ချထားတဲ့အတွက်ကြောင့် ဗမာလူမျိုးတွေ၊ ဗမာနိုင်ငံသားတွေအားလုံးကတော့ ဒါကို မခံမရပ်နိုင်ဖြစ်ပါတယ်။ ဒါတွေကို ခြုံကြည့်မယ်ဆိုရင် တရုတ်ကတော့ ကိုသန်းလွင်ထွန်း ပြောသလိုမျိုး သူ့ရဲ့  နိုင်ငံရေးဘောဂဗေဒ စီးပွားရေးအကျိုးစီးပွားအတွက် လုပ်မှာပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေက ဒီကိစ္စကို ကိုယ်လည်းရမှာပါ ဘာမှမရှိဘူး။ ပေးလိုက်ရမှာက မြန်မာပြည်ပြောင်းသွားမယ့် ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့တွေကိုယ်တိုင် ဒီကိစ္စကို ထထကြွကြွနဲ့ ပညာရှင်တွေရဲ့  အကြံဥာဏ်ကိုယူ၊ ဖြစ်နိုင်မယ်ဆိုရင် ဒီ dam ကို ချက်ချင်းရပ်ဆိုင်းဖို့ အားလုံးဝိုင်းကြိုးစားကြ။ ဒီကိစ္စမှာ တပ်မတော်၊ လက်ရှိအစိုးရ နဲ့ အတိုက်အခံ တွေအားလုံး ပါနိုင်မယ်ဆိုရင်တော့ တိုင်းပြည်အတွက် ပိုကောင်းပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ တရုတ်နဲ့ အာဆီယံအရေး လေ့လာသုတေသနပြုနေတဲ့ အမေရိကန်နိုင်ငံ UC Berkeley တက္ကသိုလ်က ဦးမင်းဇင် ကို ဆက်သွယ်မေးမြန်းထားတာပါ။