၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်ဆန်ကျင်ကြ.... ဒီမိုကရေစီအရေးတိုက်ပွဲဝင်ကြ... ဒီမိုကရေစီ အာဏာရှင်ကို တိုက်ဖျက်ကြ...

Tuesday, October 11, 2011

နိုင်ငံရေးအကျဉ်းသား မည်မျှလွတ်မည်ကို မသိရသေး


အစိုးရက အကျဉ်းသား ၆၃၅၉ ဦးကို မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့တွင် စတင်လွှတ်ပေးတော့မည် ဖြစ်သော်လည်း နိုင်ငံရေးအကျဉ်းသား မည်မျှပါဝင်ကြောင်း မသိရပေ။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ
အကျဉ်းသား ၆၃၅၉ ဦးကို အောက်တိုဘာလ ၁၂ ရက် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) တွင် စတင် လွှတ်ပေးတော့မည်ဟု မြန်မာ့ရုပ်မြင်သံကြား (MRTV4) က ယနေ့နေ့လယ် ၁ နာရီတွင် ကြေညာသွားသည်။
ကြေညာချက်တွင် “နိုင်ငံတော် အစိုးရသည် ပြစ်ဒဏ် စီရင်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူများ၊  ကျန်းမာရေးမကောင်းသူ များ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူများ အပါအ၀င် အကျဉ်းသား အားလုံးအနက်မှ ထိုက်သင့်သည့် ပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်း နှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသော အကျဉ်းသား ၆၃၅၉ ဦးတို့အား ယင်းတို့ကျခံရန် ကျန်ရှိ ပြစ်ဒဏ်များအပေါ် ၁၃၇၃ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ခရစ်သက္ကရာဇ် ၂၀၁၁ အောက်တိုဘာလ ၁၂ ရက်နေ့မှ စ၍ ကျခံနေသော ပြစ်ဒဏ် အသီးသီးကို လွတ် ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်” ဟု ဖော်ပြထားသည်။
တပြိုင်နက်တည်းတွင် သမ္မတဦးသိန်းစိန်ကလည်း အကျဉ်းသား ၆၃၅၉ ဦး၏ လွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံတော် သမ္မတရုံး အမိန့်အမှတ် ၄၉/ ၂၀၁၁ ဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။
ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာ များထဲတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အနေဖြင့် မေတ္တာ စေတနာကို ထင်ဟပ် ဖော်ပြခြင်းအားဖြင့် ၎င်းတို့ ကျခံနေရသည့် အပြစ်ဒဏ် အသီးသီးမှ လွတ်ငြိမ်း ချမ်းသာခွင့်ပေးပြီး အကျဉ်းထောင်များမှ  လွှတ်ပေးရေး အလေးထား စဉ်းစားပေးရန် မေတ္တာရပ်ခံသော ကြေညာချက် တစောင် ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။
ယခု ကြေညာလိုက်သည့် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား မည်မျှပါဝင်မည်ကို အသေးစိတ် ဖော်ပြခြင်းမရှိပေ။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က ယခုအချိန်အထိ အစိုးရ အသိုင်းအ၀န်းနှင့် ထောင်အာဏာပိုင်များ၏ ဆက်သွယ်အကြောင်းကြားမှု မရရှိသေးကြောင်း၊ ယခုကြေညာချက်၌ ပါဝင်သည့် အကျဉ်းသား ဦးရေတွင် နိုင်ငံရေး အကျဉ်းသား မည်မျှပါဝင်သည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရကြောင်း ပြောသည်။
“အကျဉ်းသား ၆၀၀၀ ကျော်မှာ နိုင်ငံရေး အကျဉ်းသား ၆၀၀ လောက် ပါတယ်လည်း ပြောတယ်။ တချို့ကလည်း ကိုမင်းကိုနိုင် တို့ကို လွှတ်ပေးပြီး အငယ်တွေကိုထားမယ်၊ တချို့ကလည်း ကိုမင်းကိုနိုင်တို့ကို ချန်ထားမယ်၊ အမျိုးမျိုး ပြောနေတာပဲ” ဟု ၎င်းကဆိုသည်။
အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို ချန်လှပ်ထားခြင်းမရှိဘဲ အားလုံးကို လွှတ်ပေးသင့်ကြောင်း ဒေါ်ကြည်ကြည်ညွန့်က ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ အပါအ၀င် အကျဉ်းသားများကို အစိုးရက လွှတ်ပေးမည်ဆိုသည့် သတင်းများ ယနေ့ နံနက် ကတည်းက ထွက်ပေါ်နေသည့်အတွက် အင်းစိန်ထောင်၊ သာယာဝတီထောင်နှင့် အိုးဘိုထောင် စသည့် ထောင်များရှေ့တွင် လူများစုဝေး ရောက်ရှိနေကြသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်တွင် ထောင်ဒဏ် ၁၁ နှစ် ကျခံနေရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) အဖွဲ့ဝင် ကိုစည်သူမောင်လည်း လွတ်ငြိမ်းချမ်းသာခွင့်တွင် အကြုံးဝင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်း၏ မိခင် ဒေါ်နုနုဆွေက ဧရာဝတီသို့ ပြောသည်။
“ကြေညာချက်ကိုတော့ ဘ၀င်မကျဘူး။ အားလုံးကို ခြွင်းချက်မရှိ လွှတ်ဖို့ မျှော်လင့်တယ်။ လွတ်ရင် ကျမယောက်ျား ကိုပီတာရှိတဲ့ လွိုင်ကော်ထောင်ကိုရော၊ သားရှိတဲ့ ဘူးသီးတောင် ထောင်ကိုပါ သွားကြိုမယ်” ဟု ၎င်းက ဆိုသည်။
စည်သူမောင်၏ ဖခင် ဦးပီတာသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့်အတွက် ကယားပြည်နယ် လွိုင်ကော် အကျဉ်းထောင်တွင် ထောင်ဒဏ် ၆ နှစ်ကျခံနေရပြီး ယခုအခါ ကျန်းမာရေး ကောင်းမွန်ခြင်း မရှိဟု ဒေါ်နုနုဆွေက ပြောသည်။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး အပြီးတွင် ကိုစည်သူမောင်နှင့် ဖခင်ဦးပီတာ၊ မိခင်ဒေါ်နုနုဆွေတို့ ဖမ်းဆီး အကျဉ်းချခြင်းခံခဲ့ရပြီး မိခင်ဖြစ်သူ ဒေါ်နုနုဆွေသည် ၂၀၀၉ ခုနှစ်တွင် လွတ်မြောက်လာခဲ့သည်။
ပဲခူးတိုင်း တောင်ငူမြို့ အကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဇော်ဇော်မင်း၏ ဇနီး ဒေါ်ဌေးဌေးဝင်း ကလည်း “၀မ်းသာစရာ သတင်းဖြစ်ပါစေ၊ အကုန်လုံးပါပါစေ ဆုတောင်းတယ်။ ကိုဇော်ဇော်မင်း လွတ်ရင် သွားကြိုမယ်။ ပြီးရင် သား ဒီငြိမ်းလင်းဆီကို သွားမယ်” ဟု ပြောသည်။
ဒေါ်ဌေးဌေးဝင်း၏ သားဖြစ်သူ ဗကသ အဖွဲ့ဝင် ကိုဒီငြိမ်းလင်းမှာလည်း စစ်ကိုင်းတိုင်း မုံရွာ ထောင်တွင် ထောင်ဒဏ် ၁၅ နှစ်ခွဲ ကျခံ နေရသည်။
မန္တလေးထောင်တွင် အကျဉ်းကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် မိုးကုတ်မြို့မှ ကိုမင်းသူကိုမူ လွှတ်ပေးမည်ဟု မိသားစုထံ အကြောင်းကြားထားကြောင်း မိသားစုနှင့် နီးစပ်သူ မန္တလေးမြို့ခံ စာနယ်ဇင်းသမား တဦးက ပြောသည်။
“ထောင်ထဲမှာတော့ အပ်ငွေပြန်ပေးဖို့တို့၊ နယ်ဝေးအကျဉ်းသားတွေကို လက်မှတ်ပေးဖို့တို့ လုပ်နေပြီ။ ဒါပေမယ့် ထောင်ဝန်ထမ်းတွေ မချေမငံပြောလို့ စာနယ်ဇင်းသမားတွေနဲ့ ကတောက်ကဆ ဖြစ်သေးတယ်” ဟု ၎င်းက ဆိုသည်။
မန္တလေး အိုးဘိုထောင်မှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင်နှင့် ကိုကျော်နိုင်လည်း ပြန်လည် လွတ်မြောက်မည့် အထဲတွင် ပါဝင်ကြောင်း၊ ထို့အပြင် သာယာဝတီထောင်မှ စောသက်ထွန်း၊ ကိုကြည်လင်၊ ဦးစိုးလှိုင် အပါအ၀င် ၁၃ ဦးတို့ လွတ်မြောက်မည်ဟု အကျဉ်းထောင် အသိုင်းအ၀န်းမှ ပြောဆိုကြောင်း သူက ဆက်ပြောသည်။
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုး ဆောင်ရွက်နေသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုတိုးကျော် လှိုင်ကမူ အစိုးရက အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းအား ကြိုဆိုကြောင်း၊ သို့သော်လည်း နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရန် လိုကြောင်း၊ မနက်ဖြန်မှ စတင်ကာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှုကို စောင့်ကြည့်ရမည် ဖြစ်ပြီး အားလုံးလွတ်မြောက်လာစေရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင် ၄၃ ထောင်နှင့် ရဲဘက်စခန်းအသီးသီးတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား ဦးရေ ၂ ထောင်နီးပါးခန့် ရှိနေကြောင်း ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – မြန်မာနိုင်ငံ (AAPP) ၏ စာရင်းအရ သိရသည်။
AAPP ၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က “သူတို့ကြေညာသွားတာ ရှင်းပါတယ်၊ အကျဉ်းသား ဆိုပြီး အားလုံးကို ရောချသွားတာ။ ကျနော်တို့ လိုချင်တာက နိုင်ငံရေးအကျဉ်းသား ဆိုပြီး အသိအမှတ်ပြု သီးသန့် လွှတ်စေချင်တာပါ။ အခု ကြေညာ လိုက်တဲ့ပုံစံက မြန်မာပြည်ထဲမှာ တကယ်ဖြစ်ပျက်နေတာကို အစိုးရအနေနဲ့ အသိအမှတ်မပြုတဲ့ သဘောပဲ” ဟု ဆိုသည်။
 

သမ္မတရုံးမှ ထုတ်ပြန်သော အမိန့်ကြေညာစာ အပြည့်အစုံ
နိုင်ငံတော် သမ္မတရုံးသည် အမိန့်အမှတ် ၄၉/၂၀၁၁ ကို ၁၃၇၂ခုနှစ် သီတင်းကျွတ်လဆန်း ၁၄ရက်၊ ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၁ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပါသည်။
လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း
၁။ နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကြိုးပမ်း လုပ်ဆောင်လျက် ရှိပါသည်။
၂။ ဤသို့ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတော်သည် တည်ဆဲဥပဒေများကို ကျူးလွန်ဖောက်ဖျက် ခဲ့သူများအား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့ရပါသည်။ ဤသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများ၊ ကိုယ်လက်အဂါင်္ ချို့တဲ့သူများ အပါအ၀င် အကျဉ်းသားများ အားလုံးထဲမှ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသော အကျဉ်းသားများအား နိုင်ငံတော် အစိုးရသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) ပါ ပြဌာန်းချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တဖက်တလမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲ ပေးနိုင်ရန် အစီအမံများ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလိုပါသည်။
၃။ သို့ဖြစ်ရာ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့် စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသော အကျဉ်းသားများအား လူသားချင်း စာနာထောက်ထားမှုနှင့် သနားချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညှာသော အနေဖြင့် လည်းကောင်း၊ ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် အများပြည်သူနှင့်အတူ တာဝန်ထမ်းဆောင် သွားနိုင်စေရန်အတွက် လည်းကောင်း၊ အကျဉ်းထောင် အသီးသီးမှ ပူးတွဲအမည်စာရင်းပါ အကျဉ်းသား ၆၃၅၉ ဦးတို့အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် ၁၃၇၃ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်မှ စ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။
ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်



                                                                                             ပန်းတိုင်

No comments:

Post a Comment