၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်ဆန်ကျင်ကြ.... ဒီမိုကရေစီအရေးတိုက်ပွဲဝင်ကြ... ဒီမိုကရေစီ အာဏာရှင်ကို တိုက်ဖျက်ကြ...

Wednesday, September 28, 2011

ဘုရားသုံးဆူတွင် အခမဲ့ ဆေးစစ်မှုများပြုလုပ်

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသမှ အလုပ်သမား ၃၀၀၀ ခန့်ကို ထိုင်းနယ်စပ် အာဏာပိုင်တို့နှင့် နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အသင်းများက တနင်္လာနေ့မှ စတင်ပြီး ရောဂါရှာဖွေ စမ်းသပ်မှု အခမဲ့ ပြုလုပ်ပေးလျက်ရှိသည်။

Three-pagoda-workers
ကျန်းမာရေး စမ်းသပ်စစ်ဆေးမှု အစီအစဉ်တွင် တွေ့ရသော ဘုရားသုံးဆူဒေသမှ မြန်မာပြည်သား အလုပ်သမားများ (ဓာတ်ပုံ - လ၀ီဝမ် / ဧရာဝတီ)

“ဒီအစီအစဉ်က တပတ် ကြာပါလိမ့်မယ်။ တရက်ကို အလုပ်သမား ၆၀၀ နှုန်း စစ်ဆေးပေးမှာပါ။ ကူးစက်ရောဂါတွေ ထိုင်းနိုင်ငံထဲ ပြန့်ပွားမှာကို ကာကွယ်တဲ့အနေနဲ့ ဒီအစီအစဉ်ကို လုပ်နေတာပါ” ဟု ရောဂါရှာဖွေ စမ်းသပ်သည့် အစီအစဉ်တွင် ပါဝင်သူ အရာရှိတဦးဖြစ်သည့် Mr. Chuit Nakthongkham က ပြောသည်။

“တကယ်လို့ အလုပ်သမားတယောက်မှာ ကူးစက်ရောဂါရှိတယ် ဆိုပါစို့။ အဲဒါဆိုရင် သူ့ကို အလုပ်ခဏနားခိုင်းဖို့ အလုပ်ရှင်ကို ပြောမယ်။ ပြီးတော့ ကုသမှု ခံယူရမယ်” ဟု Mr. Chuit Nakthongkham က ဧရာဝတီကို ပြောသည်။

American Refugee Committee (ARC) က အခမဲ့ ကုသပေးမည်ဟု သူက ရှင်းပြသည်။

“တနေ့တုန်းက ကျန်းမာရေး ဆေးစစ်တဲ့အခါမှာ အဆုတ်ရောဂါဖြစ်တာ ၄ ယောက် ရှိတာ တွေ့ရတယ်” ဟု ရောဂါရှာဖွေ စမ်းသပ်သည့်အစီအစဉ်တွင် ပါဝင်ကူညီသည့် ဘုရားသုံးဆူမှ ရပ်မိရပ်ဖတဦးဖြစ်သူ နိုင်လရီရတ်က ပြောသည်။

ယမန်နေ့ နေ့လယ်ပိုင်းအထိ စစ်ဆေးချက်အရ ကူးစက်ရောဂါ ထပ်မံတွေ့ရှိခြင်းမရှိကြောင်း သူက ဆက်ပြောသည်။

“အလုပ်သမားတွေ ကူးစက်ရောဂါ ရှိလို့ မဖြစ်ဘူး။ အဲဒါ သူတို့ (ထိုင်းအစိုးရ) ရဲ့ မူဝါဒလေ” ဟု သူက ဆိုသည်။

ဘုရားသုံးဆူတွင် နေထိုင်သော ထိုအလုပ်သမားများသည် နေ့ခင်းပိုင်းတွင် ထိုင်းနိုင်ငံအတွင်း ၀င်ရောက် အလုပ်လုပ်ကိုင်ပြီး ညပိုင်းတွင် မြန်မာပြည်ဘက်သို့ ပြန်သူများ ဖြစ်သည်။

လွန်ခဲ့သည့် ၂ နှစ်ကလည်း အလုပ်သမားများအတွက် ကျန်းမာရေး အခမဲ့ စမ်းသပ်စစ်ဆေးမှုများ ဤဒေသတွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်။

“ဒီနှစ်တော့ အလုပ်သမားအရေအတွက် ပိုများလာတယ်။ မနှစ်ကဆိုရင် အလုပ်သမားက ၂၀၀၀ လောက်ပဲ ရှိတာ” ဟု ARC မှ ကျန်းမာရေးဝန်ထမ်းတဦးဖြစ်သည့် ကိုမင်းမင်းက ရှင်းပြသည်။

ကျန်းမာရေး စမ်းသပ်စစ်ဆေးမှုပြုသည့် နေရာကို နံနက် ၉ နာရီမတိုင်မီကပင် မြန်မာပြည်သား အလုပ်သမားများ စုဝေး ရောက်ရှိနေကြသည်။

အလုပ်သမားများ လျှောက်လွှာပုံစံရေးသွင်းခြင်း၊ လက်ဗွေနှိပ်ခြင်းများ ပြီးစီးပါက ကျန်းမာရေးဝန်ထမ်းတို့က ၎င်းတို့ကို စစ်ဆေးပေးကြသည်။

အလုပ်သမားအများအပြားမှာ ဆယ်ကျော်သက်များ ဖြစ်ပြီး အမျိုးသမီးများက သနပ်ခါး လိမ်းထားကြသည်။

စမ်းသပ်မှုအစီအစဉ်တွင် ပါဝင်ရန် တွန်းအားပေးသည့် အနေဖြင့် အလုပ်ရှင်တို့ကလည်း လုပ်ငန်းခွင်မ၀င်ဘဲ ရောဂါရှာဖွေရေးစခန်းသို့သွားသော အလုပ်သမားများကို နေ့စားခ ပေးသည်ဟု ဆိုသည်။

“ဒီနေ့ ကျနော်တို့ အလုပ်လုပ်စရာ မလိုဘူး။ အလုပ် မလုပ်ပေမယ့် ဒီနေ့အတွက် အလုပ်ရှင်က ပိုက်ဆံပေးတယ်” ဟု အလုပ်သမားတဦးက ပြောပြသည်။

ထိုင်းနိုင်ငံ စံခလပူရီမြို့ World Vision အဖွဲ့ ၀န်ထမ်းများက ဆေးစစ်ရန်ရောက်လာသော အလုပ်သမားတို့ကို နေ့လယ်စာကျွေးပြီး ကျန်းမာရေးပညာပေးနေကြသည်။ ကူးစက်ရောဂါ ကာကွယ်နည်း လက်ကမ်းစာစောင်များ၊ ကွန်ဒွန်များ ဖြန့်ဝေနေသည်။

နေ့လယ်စာစောင့်ဆိုင်းနေသည့် အလုပ်သမားတို့က World Vision အဖွဲ့က စီစဉ်သည့် ဘောလုံးပစ်ပြီး လက်ဆောင်ပစ္စည်းရယူသော ကစားနည်းတွင် ပျော်ရွှင်စွာ ပါဝင်နေကြသည်။

                                                                                        ပန်းတိုင်

No comments:

Post a Comment